ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိ အောင်ပန်းမြို့တွင် မျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်းကို ကျပ်သိန်းပေါင်း ၄၂,၀၀၀ ရင်းနှီးမတည်ထားကြောင်း၊ မျိုးအာလူးသိုလှောင်ရုံအအေးခန်းစီမံကိန်းအတွက် အစုရှယ်ယာတစ်စုလျှင် ကျပ်သိန်းသုံးဆယ် (ကျပ် ၃,၀၀၀,၀၀၀)၊ အစုရှယ်ယာ (၁,၄၀၀)စုမှ ရရှိသည့် ငွေကျပ်သိန်းပေါင်း လေးသောင်းနှစ်ထောင်ဖြင့် စတင်ရင်းနှီးမြှုပ်နှံရန် အစုရှယ်ယာဝင်များက သဘောတူဆုံးဖြတ်ထားခြင်းဖြစ်သည်။
ယင်း အအေးခန်းဆောက်လုပ်မည့်မြေနေရာကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း – ပင်းတယ ကားလမ်းမကြီးဘေးရှိ ယာမြေ (၃.၀၁) ဧကကို ဝယ်ယူ၍ အာလူးတန်ချိန် (၃,၀၀၀) သိုလှောင်နိုင်မည့် အအေးခန်း သိုလှောင်ရုံတည်ဆောက်နိုင်ရန် အောင်ပန်းအာလူးအစုအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ စားသုံးပြည်သူများ အာဟာရရှိပြီး အရည်အသွေးပြည့် အာလူးစားနပ်ရိက္ခာဖူလုံနိုင်စေရန်နှင့် ဝယ်လိုအား၊ ရောင်းလိုအား ထိန်းညှိနိုင်စေရန်အတွက်လည်းကောင်း၊ စိုက်ပျိုးတောင်သူများ အာလူးစိုက်ပျိုးမှုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် မျိုးအာလူးသိုလှောင်နိုင်ရေးနှင့် စျေးကွက်မျှဝေရန်အတွက်လည်းကောင်း၊ စားသုံးသူ၊ တောင်သူ၊ ကုန်သည်၊ ဖိုခနောက်ဆိုင် စီးပွားအကျိုးဖြစ်ထွန်းစေရန်အတွက် အာလူးတာရှည်သိမ်းဆည်းနိုင်ရန် ခေတ်မီသိုလှောင်ရုံ (Cold Storage)အာလူးအအေးခန်းစက်ရုံများ တည်ဆောက်ရန် လိုအပ်ချက်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။