ရန်ကုန်၊ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ ရွှေထည်နှင့် ငွေကျပ် သိန်း ၃၄၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် YGN 8F/2F—– NISSAN MARCH အမျိုးအစား မော်တော်ယာဉ်ဖြင့် ကမာရွတ်မြို့နယ်၊ (၁) ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်အနီး သို့ ရောက်ရှိလာခဲ့ပြီး ကားကို လော့ချ၍ ဘဏ်အတွင်းသို့ ၆ မိနစ်ခန့် ငွေအပ်နှံရန် သွားရောက်စုံစမ်းခဲ့သည်။
ထို့နောက် ကားဆီသို့ ပြန်လည်ထွက်ခွာလာပြီး စစ်ဆေးရာ ကားနောက်ခန်းတွင် ထားရှိသည့် ငွေကျပ် သိန်း ၆၀၀ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်း၌ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၁၅၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၉ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံအား စုံစမ်းဖော်ထုတ်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအား စစ်ဆေးခြင်းနှင့် သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ခိုးမှုကျူးလွန်သူ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အုန်းကုန်းကျေးရွာနေ ဇော်လတ် (ခ) အောင်ဇော်လတ် (၃၈) နှစ် အား ဩဂုတ်လ ၉ ရက် ညပိုင်းတွင် ၎င်း၏ နေအိမ်အနီး၌ ခိုးယူရာမှရရှိသည့် ငွေကျပ် ၁၄၀ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံ ဇော်လတ်အား စစ်ဆေးမေးမြန်းရာ ၎င်းသည် ဩဂုတ်လ ၅ ရက် မနက်ပိုင်းတွင် ယာဉ်ပိုင်ရှင် အမျိုးသမီး ကားပေါ်မှဆင်း၍ လော့ချစဉ် ဝဲဘက်အနောက်တံခါး လက်ကိုင်ကွင်းအား လော့ချမရအောင် မတင်ထားခဲ့ကြောင်း၊ ထို့နောက် ယာဉ်ပိုင်ရှင် ဘဏ်အတွင်းဝင်သွားချိန်တွင် နောက်ခန်းရှိ ငွေကျပ် သိန်း ၆၀၀ ကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ဆက်လက်၍ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ခိုးရာပါငွေများအနက်မှ ဝယ်ယူထားသည့် ရွှေလက်စွပ် ၂ ကွင်းနှင့် ငွေကျပ် သိန်း ၁၀၀ ကို ဆိမ့်ကြီးခနောင်တိုမြို့နယ်၊ ဆိမ့်ကြီးအရှေ့ရပ်ကွက်ရှိ နေအိမ်မှလည်းကောင်း၊ နောက်ထပ် ငွေကျပ် သိန်း ၁၀၀ ကို အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်မှလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် ငွေကျပ် သိန်း ၆၀၀ ခိုးယူသူ တရားခံ ဇော်လတ် (ခ) အောင်ဇော်လတ်အား သက်သေခံ ရွှေလက်စွပ် ၂ ကွင်း၊ ငွေကျပ် သိန်း ၃၄၀ တို့နှင့်အတူ ဖမ်းဆီးရမိထားပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
