ဇာတ်ပို့ သရုပ်ဆောင် မပါတဲ့ ရုပ်ရှင်ဆိုတာ ဆားမပါ တဲ့ဟင်းလိုပါပဲ။ ကြည့်လို့ရသည် မှန်သော်ငြား လည်း အရသာ ရှိချင်မှ ရှိပါလိမ့်မယ်။ ကမ္ဘာမှာ ဇာတ်ပို့ မပါဘဲ အဓိက ဇာတ်ကောင် တစ်ဦး တည်းနဲ့ပဲ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား တွေလည်း ရှိပင် ရှိသော်ငြားလည်း ရှားပါးလွန်း ပါ တယ်။ မြန်မာနိုင်ငံ မှာတော့ မရှိ သလောက်ပင် ရှားပါ တယ်။ မြန်မာ့ ရုပ်ရှင်ခေတ်ဦး ကတည်းက ဒီကနေ့ ဒီအချိန် အထိ အဲဒီလို ရုပ်ရှင်မျိုးတွေ မတွေ့မြင်ဖူးသေးပါ။ ဇာတ်ပို့ သရုပ်ဆောင်တွေ ဆိုတာ ရုပ်ရှင် ဇာတ်ကား တစ်ကားရဲ့ Tempo အနိမ့်အမြင့်ကို ဆွဲဆန့် ပေးသူ တွေဆိုရင်လည်း မမှားပါ။ သူတို့တွေ ကြောင့်သာ အဓိက ဇာတ်ဆောင် သရုပ်ဆောင်တွေ ကလည်း ဇာတ် ဝင်ခန်းတွေ တိုင်းမှာ ပိုမိုသက်ဝင် နေတာပါ။ သို့သော် သရုပ်ဆောင် အနုပညာ အတတ်ပညာရပ်ကို သရုပ်ဆောင်နေတာ ချင်းအတူတူ နာမည်နဲ့ ဂုဏ်ပုဒ်၊ အနုပညာ ငွေ ကြေး ရရှိမှုတွေက တော့ အဆမတန် ကွာခြားနေပါတယ်။
ထိုထက် ကွာခြား သွားသည်က ဇာတ်ပို့ ဇာတ်ရံလို့ ပြောမယ်ဆိုရင် တော့ မင်းသား၊ မင်းသမီး မဟုတ်ပါပဲ ပါဝင်နေသူတွေ အားလုံး အကျုံးဝင် နေတယ်လို့ သတ်မှတ်လို့ ရနိုင်ပေ မယ့်လည်း အဲ့ဒီအထဲ မှ Main Stream ပေါ်ကို ရောက်နေတဲ့ ဇာတ်ပို့ သရုပ်ဆောင် လူကြမ်း၊ ဖြတ်လျှောက် စသည်ဖြင့် တောက် လျှောက် ကွဲပြားသွားပါတယ်။ မြန်မာ နိုင်ငံက နာမည်ကြီး အဖွဲ့ တစ်ခု ဖြစ်တဲ့ ကိုလူချော လူကြမ်း အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုမျိုးဝင်း ကတော့ ရုပ်ရှင်တစ်ကား ရိုက်ကူးပြီ ဆိုရင် ဇာတ်ပို့ဇာတ်ရံ ဆိုတာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ရပ် အနေနဲ့ ပါဝင်နေပါတယ်လို့ ဖွင့်ဟ ဆိုပါတယ်။ ဒါ့အပြင် ဇာတ်ပို့မပါတဲ့ ရုပ်ရှင် တစ်ကားဟာ မြန်မာထမင်း ဝိုင်းတစ်ခုမှာ ငပိရည်နဲ့ တို့စရာ မပါသလိုမျိုး စားလို့မမြိန်နိုင်ပါ ဘူးလို့ဆိုပြီး ဇာတ်ပို့ ဇာတ်ရံတွေ မပါ ဘဲ မင်းသား၊ မင်းသမီးတွေ ဇာတ်ကား ရိုက်ကူးလို့ မဖြစ်နိုင်ပါဘူး လို့ လည်း မှတ်ချက်ပြု ဆိုပါတယ်။
“ဇာတ်ပို့ဇာတ်ရံထဲမှာမှ အကြီး ပိုင်းတွေကတော့ ကောင်းတာပေါ့။ ကျွန်တော်တို့ အောက်ပိုင်းက လူကြမ်းတွေလို့ သတ်မှတ်ခံထား ရတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ ကတော့ သိပ်မကောင်းဘူးလေ။ အမြဲတမ်း အနှိမ်ခံ ဘဝကြီးနဲ့ပဲ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဇာတ်ပို့ ဇာတ်ရံဘဝ ဆုံးတယ်လို့ မရှိပါဘူး။ အမြဲတမ်း ကြိုးစားနေရင် နေရာရ ပါတယ်။ ပရိသတ်တွေ သတ်မှတ် ပေးထားတဲ့ လူကြမ်းဘဝမှာပဲ ကြိုးစားနေပါတယ်” လို့ ကိုမျိုးဝင်း က ဆိုခဲ့ပါတယ်။ နာမည်ကျော် ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်သူ အကယ်ဒမီ ဦးအောင်ခိုင် ကတော့ လူကြမ်းတွေ ဆိုတာ ဇာတ်ပို့ ဇာတ်ရံထဲမှာ ပါဝင် နေသော်လည်း တချို့ မြင်နေတာ ကတော့ လူကြမ်း တွေက ဇာတ်ပို့ဆိုတဲ့ စာရင်းထဲမှာ မပါဝင်သလို ဖြစ်နေတာကြောင့် အဲဒီအမြင်တွေက မှားနေတယ် လို့ လည်း မှတ်ချက်ပြု ဆိုပါတယ်။
“ဇာတ်ပို့ဆိုတာက မင်းသား၊ မင်းသမီးတွေ အဓိက ကောင်းဖို့ အတွက် အဓိက ပံ့ပိုးပေးနေ သူတွေပါ။ ဇာတ်ပို့ဇာတ်ရံ ဆိုတာမှာ ဖြတ် လျှောက်ကလည်း အရေးကြီးပါ တယ်။ အနုပညာ ဈေးနည်းပေမယ့် သူ့နေရာနဲ့သူ အသုံးတည့်တဲ့ သူတွေ ချည်း ဖြစ်ပါတယ်။ မင်းသား၊ မင်းသမီး နှစ်ယောက် တည်းနဲ့ ရိုက် ကူးတဲ့ ဇာတ်ကားက ဘယ်လို နည်း နဲ့မှ ပြည့်စုံမှာ မဟုတ်ပါဘူး။ ဦးအောင်ခိုင်တို့ လူကြမ်း အဖွဲ့၊ ကိုလူချော ဆိုရင်လည်း ကိုလူချော အဖွဲ့လို့သာ သီးသန့် ဖွဲ့ထားတာ ဖြစ်ပေမယ့် ဇာတ်ပို့ ဆိုတဲ့ အခန်း ကဏ္ဍမှာတော့ အရေးကြီးတဲ့ အလွှာ မှာ ပါဝင်နေတာပါ” လို့ ဖြည့်စွက် ပြောဆိုပေးပါတယ်။ ရုပ်ရှင် လောကမှာ ဇာတ်ပို့ ဆိုရင် အဓိက ဇာတ်ပို့တို့၊ သာမန် ဇာတ်ပို့တို့ ဆိုပြီး ခွဲခြားတာတွေ ရှိနေပေမယ့် လည်း တကယ်တော့ ဇာတ်ပို့ ဆိုတာ သည် အကုန်လုံး အတူတူပါပဲလို့ ဆိုပြီး ဇာတ်ပို့ မှန်သမျှသည် အဓိက ဇာတ်ပို့ တွေချည်းသာ ဖြစ်တယ်လို့ နာမည် ကျော် ဟာသ သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ခင်လှိုင်က ဆိုပါတယ်။
“တစ်ခန်းတည်း ဆိုလည်း တစ်ခန်းတည်း အလျောက် ပံ့ပိုးနိုင်ရ မယ်။ ဒါမှသာလျှင် ဇာတ်ကွက် တစ်ခု ဟာ Tempoမြင့်တက်လာမယ်။ အစ်ကို ဆိုရင်လည်း တစ်ခါတလေမှာ တစ်ခန်းပဲ ပါရတဲ့ ဇာတ်ဝင်ခန်းတွေ ရှိတယ်။ တစ်ခန်းတည်း ဆိုပေမယ့် လည်း အဲဒီ တစ်ခန်းအတွက် ကိုယ်ဘယ်လောက် ပံ့ပိုးပေးနိုင်သလဲပေါ့။ ဇာတ်ကွက် တစ်ခုမှာ လိုက်ပြီး မပံ့ ပိုးပေး လိုက်နိုင်ရင် အနုတ် လက္ခဏာ ပြသွားမှာ ဖြစ်တယ်။ ဥပမာဗျာ- Ghost ဇာတ်ကားထဲက ကပ္ပလီမ ကြီးဆိုရင် သူဘယ်နှခန်း ပါရလို့လဲ ဗျာ။ ဒါပေမဲ့ ဇာတ်ကား တစ်ကားလုံး ကို ကိုင်လှုပ် သွားနိုင်ခဲ့တယ်။ အဓိက က တစ်ခန်းပဲပါပါ၊ တစ်ကားလုံးပဲ ပါပါ ဇာတ်ပို့ ဆိုတာက အင်မတန် အရေးကြီးတယ်။ ရဲနေရာမှာ သရုပ် ဆောင်တဲ့သူလည်း အရေးကြီး သလို တရားသူကြီး လုပ်တဲ့သူကလည်း ဇာတ်ဝင်ခန်း အတွက် အရေးကြီးနေ တာပဲဖြစ်ပါတယ်။ စိတ်ခံစားမှု တွေနဲ့ ပံ့ပိုးနိုင်ဖို့လိုတယ်။ ပြောရရင် ဇာတ်ပို့ တစ်ယောက်ရဲ့ အခန်း ကဏ္ဍဟာ တအား အရေးကြီးပါတယ်။ ပြီးတော့ အဓိက ဇာတ်ဆောင် ဆိုတာ လည်း တချို့ ဇာတ်ဝင်ခန်းတွေမှာ ဇာတ်ပို့ ပြန်ဖြစ်ရင်လည်း ဖြစ်တတ်ပါ တယ်။ ပြောရရင် ဇာတ်ပို့တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ် ဆိုတာ သိပ်သေချာပါ တယ်” လို့ ခင်လှိုင်က ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။
အဓိက ဇာတ်ပို့ သရုပ်ဆောင် အဖြစ် အကယ်ဒမီ ရသွားသူ ဇာတ်ပို့ သရုပ်ဆောင် ဆိုတာ လက်ချိုးရေလို့ ရနေပါသေး တယ်။ မြန်မာနိုင်ငံမှာ ချီးမြှင့်နေတဲ့ အကောင်းဆုံး ဇာတ်ပို့ ထူးချွန်ဆု အကယ်ဒမီတွေကို မင်းသား၊ မင်းသမီးတန်းဝင် ဇာတ် ဆောင်တွေ ကသာ ရယူသိမ်းပိုက် လျက် ရှိနေပြီး တကယ့်ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တွေ ထဲမှာတော့ အကယ်ဒမီ ရသွားသူ ဦးရေဟာ နည်းပါးနေပါတယ်။ ထင်ထင်ရှားရှား ရှိခဲ့သူတွေထဲမှာ ဆိုရင် အကယ်ဒမီ ဖိုးပါကြီး၊ အကယ်ဒမီ စိန်မြင့်၊ အကယ်ဒမီ စံရှားတင်၊ အကယ်ဒမီ ဇော်ဦး၊ အကယ်ဒမီ မော့စ်၊ အကယ် ဒမီ မိုးဒီ၊ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံ၊ အကယ်ဒမီ ဗေလုဝ စတဲ့ ဇာတ်ပို့ အနုပညာ ရှင်တွေသာ အကယ်ဒမီ ဆုတွေကို ရယူပိုင်ဆိုင် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သေချာ တာကတော့ ရုပ်ရှင်ဇာတ်ကား တစ်ခုမှာ ဇာတ်ပို့ သရုပ်ဆောင် တွေ ဖြစ်တဲ့ အဓိက ဇာတ်ပို့၊ ရိုးရိုးဇာတ်ပို့၊ ဖြတ်လျှောက် ဇာတ်ပို့၊ လူကြမ်း ဇာတ်ပို့ စသည်ဖြင့် အမျိုးအမည် နာမတွေ ကွဲပြား နေပေ မယ့်လည်း သူတို့တွေ အားလုံးသည် ဇာတ်ပို့ သရုပ်ဆောင် ဆိုတဲ့ အခန်းကဏ္ဍ အမိုးအောက် တစ်ခုတည်းမှာ ရပ် တည်နေကြတဲ့ ညီအစ်ကို၊ မောင်နှမ တွေသာ ဖြစ်ပါတယ်။ ဇာတ်ပို့ ဆိုတာ လည်းကျရာ ဇာတ်ရုပ် တစ်ခုပေါ်မှာ မှီတည်ပြီး ကိုယ်ပါဝင် ပံ့ပိုးရတဲ့ ဇာတ်ဝင်ခန်းတွေကို အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်း ပေးနေတဲ့ ရုပ်ရှင် အနုပညာရှင်တွေ ပင် ဖြစ်ပါ တော့တယ်။
ထက်လူ