(၇၅)နှစ်မြောက် စိန်ရတု မွန်တော်လှန်ရေးနေ့အတွက် PPST-LC က ဂုဏ်ပြုသဝဏ်လွှာပေးပို့
ယနေ့ သြဂုတ် ၁၁ ရက်တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတု မွန်တော်လှန်နေ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့၊ ဦးဆောင်ကော်မတီ( PPST-LC) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့သည်။
ယင်း သဝဏ်လွှာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးခရီးကြမ်းတွင် မွန်အမျိုးသားများ အနေဖြင့် ညီနောင်တိုင်းရင်းသားများနှင့် အတူတကွ တွဲလက်မြဲမြံစွာဖြင့် မဆုတ်မနစ်ကြိုးပမ်းချီတက်သွား မည်ဟု ခြွင်းချက်မရှိ ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
မွန်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီအနေဖြင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုများ ဖက်ဒရယ်ကောင်စီခေတ်ကာလတွင် ဖက်ဒရယ်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်များအတွက် ဘဝတူညီနောင်တိုင်းရင်းသားများနှင့် လက်တွဲပြီး ဆောင်ရွက်ခဲ့မှုအပေါ် မှတ်တမ်း တင်အပ်ကြောင်း ပါရှိသည်။
ထို့အပြင် ယနေ့ခေတ်ကာလတိုင်းပြည်၏ နိုင်ငံရေးအကြပ်အတည်း ဖြေရှင်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တွင်လည်း ဦီးဆောင်မှု အခန်းကဏ္ဍမှနေ၍ ကြိုးပမ်းထမ်းဆောင်လျှက် ရှိသည်ကိုလည်း PPST-LC အနေဖြင့် မှတ်တမ်းတင်အပ်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီအနေဖြင့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးရည်ရွယ်ချက်ဖြင့် ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့တွင် ကရင်ပြည်နယ် ၊ ဇာသပြင်ကျေးရွာ၌ မွန်လူငယ်များက ဦးဆောင်ပြီး မွန်လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြသည့်နေ့ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ယခု ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုမွန်တော်လှန်ရေးနေ့ တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။