ပြင်သစ်နိုင်ငံတွင် ပင်စင်ယူနိုင်မည့် အသက်အရွယ် ပြုပြင်ပြောင်းလဲမှုကို ကန့်ကွက်သည့်အနေဖြင့် လူပေါင်း တစ်သန်းကျော်သည် ဇန်န၀ါရီလ ၁၉ ရက် ကြာသပတေးနေ့တွင် နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ထို့ပြင် ပါရီမြို့၌ ဆန္ဒပြသူအချို့နှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ပြီး ဆန္ဒပြမှုများကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာများ၊ ကျောင်းများနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။
သမ္မတ မက်ခရွန်၏ အငြိမ်းစားယူနိုင်မည့် အသက်အရွယ်အား သက်တမ်းတိုးမည့် အစီအစဉ်ကို ဆန့်ကျင်ကြသည့် ချီတက်ဆန္ဒပြသူ စုစုပေါင်း အရေအတွက်မှာ ၁ ဒသမ ၂ သန်းရှိခဲ့ကြောင်း၊ မြို့တော်ပါရီတစ်ခုတည်းတွင် လူပေါင်း ၈ သောင်း ဆန္ဒပြခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပါရီမြို့ရှိ ဆန္ဒပြမှုအတွင်း လူ ၃၈ ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဆန္ဒပြသူများအား လူစုခွဲနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြီးခဲ့သည့်အပတ်က မက်ခရွန်၏ အစိုးရသည် အငြိမ်းစားယူနိုင်မည့် အသက်အရွယ်အား ၆၂ နှစ်မှ ၆၄နှစ်သို့ တိုးမြင့်ရန် ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
နောက်ထပ်ဆန္ဒပြမှုများအား ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
Source: CNA


