(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မေလ (၃) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ယခုကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နစက ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲ ပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှ ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးကို မြန်မာကျပ်ငွေဖြင့်သတ် မှတ်ထားသည်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A) နှင့် (B) အုပ်စုမှ ကျောက် စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များက မြန်မာကျပ်ငွေဖြင့် ပေးသွင်းရမည်ဖြစ်သည်။
ထို့ပြင် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အာမခံစ ပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်သည်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိ ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေ ဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကိုပေး ချေရမည်ဖြစ်သည်။
(C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာ ကုန်သည်များသာ ဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်ပြီး ယခုကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေ (၃) ရက်မှ (၁၂) ရက် အထိ ခင်းကျင်းပြသရောင်းချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


