ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် (၃) ခု၊ ငွေတံဆိပ် (၂၁) ခု၊ ကြေးတံဆိပ် (၄၉) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ (၉) ရက် မှ (၂၀) ရက်အထိ ကျင်းပခဲ့ပြီး အားကစားနည်း အချို့ကိုမူ ဒီဇင်ဘာ (၃) ရက်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သ ည်။
ယခုပြိုင်ပွဲတွင် ရွှေတံဆိပ် စုစုပေါင်း (၅၇၆) ခု ချီးမြှင့်ခဲ့ပြီး အိမ်ရှင်ထိုင်းနိုင်ငံက ရွှေတံဆိပ် (၂၃၃) ခု၊ ငွေတံဆိပ် (၁၅၄) ခု၊ ကြေးတံဆိပ် (၁၁၂) ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရရှိခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် အားကစားနည်း (၃၈) ခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုတံဆိပ်စုစုပေါင်း (၇၃) ခုရရှိခဲ့ပြီး ရွှေတံဆိပ်ဆုများကို ခြင်းလုံးနှင့် ဘိလိယက်အားကစားနည်းတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်များကို ခြင်းလုံးအသင်းက ရွှေတံဆိပ် (၂) ခု၊ ဘိလိယက်နှင့် စနူကာအဖွဲ့က ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၃) ခု၊ လှေလှော်အဖွဲ့က ငွေတံဆိပ် (၄) ခု၊ ကြေးတံဆိပ် (၇) ခု၊ (ကနူး/ကယက်) တွင် ငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၁) ခု၊ အပြည်ပြည်ဆိုင်ရာလှေတွင် ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁) ခု၊ နဂါးလှေတွင် ကြေးတံဆိပ် (၅) ခု၊ ပိုက်ကျော်ခြင်းအသင်းက ငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၄) ခု၊ ဝူရှူးအဖွဲ့က ငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၂) ခု၊ Teqball အဖွဲ့က ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၂) ခု၊ ကစ်ဘောင်ဆင်အဖွဲ့က ငွေတံဆိပ် (၂) ခု၊ ပြေးခုန်ပစ်အဖွဲ့က ငွေတံဆိပ်(၂)ခု၊ တိုက်ကွမ်ဒိုအဖွဲ့က ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၅)ခု၊ ဂျူဒိုအဖွဲ့က ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၃) ခု၊ ကရာတေးအဖွဲ့က ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁) ခု၊ ပီတန်းအဖွဲ့က ငွေတံဆိပ် (၁) ခု၊ မွေအဖွဲ့က ကြေးတံဆိပ် (၉) ခု၊ လက်ဝှေ့အဖွဲ့က ကြေးတံဆိပ် (၅) ခု၊ နပန်းအဖွဲ့က ကြေးတံဆိပ် (၃) ခု၊ ရွက်လှေအဖွဲ့က ကြေးတံဆိပ် (၂) ခု၊ စစ်တုရင်၊ မြင်းစီးနှင့် အလေးမအဖွဲ့က ကြေးတံဆိပ် (၁) ခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာအားကစားအဖွဲ့ အနေဖြင့် အားကစားနည်း (၁၉) မျိုးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအလိုက်ဆုရရှိမှု အဆင့် (၇) နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
