မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာခဲ့သဖြင့် ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သော ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးနေမှုနှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၅/၂၀၂၅) တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလယ်အထိ (၂) နှစ်ကျော်အတွင်း မြန်မာသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင်ဝင်ရောက် လာသည့် နိုင်ငံပေါင်း (၅၂) နိုင်ငံမှ နိုင်ငံခြားသား (၆၈,၀၀၉) ဦးကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် နယ်စပ်ဒေသများကိုအခြေပြုဖြစ်ပေါ်လျက်ရှိသော နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်ဆောင်ရွက်နေကြသဖြင့် အစိုးရမှ ထိထိရောက်ရောက်ရှင်းလင်းလျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကရင်ပြည်နယ်နယ်စပ်ဒေသတွင်အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်လောင်းကစားအဖွဲ့များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများကို နိုင်ငံတကာမှ အမှန်အတိုင်းသိရှိနိုင်စေရေးဆောင်ရွက်ရမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားဖြစ်နေပြီး လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများအပေါ်များစွာဆိုးကျိုးသက်ရောက်စေလျက်ရှိ၍ တရားမဝင်ကုန်သွယ်မှုများကို အလုံးစုံပပျောက်စေရေးအထိ ရည်မှန်းဆောင်ရွက်ရမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ လက်ရှိအချိန်၌ ရနောင်း၊ ကော့သောင်း၊ ရန်ကုန်လမ်းကြောင်းတွင် ကုန်သွယ်မှုကိုခွင့်ပြုထားပြီးဖြစ်ကာ မြဝတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ဘက်မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုမရှိစေရေးအတွက် တားဆီးစစ်ဆေးမှုများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောကြားခဲ့ကြောင်း သိရသည်။
