မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ပါဝင်မှု ပိုမိုအားကောင်းစေရေးကိစ္စရပ်များ ဆွေးနွေး
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နိုဝင်ဘာ ၂၇ ၊၂၈ ရက်က ကျင်းပသည့် (၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်)ဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်ဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ကိုယ်စားလှယ် ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းဝေးတွင် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ပါဝင်မှု ပိုမိုအားကောင်းစေရေးကိစ္စရပ်များအပေါ် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
ထိုပြင် ဂျီအမ်အက်စ် စီးပွားရေးဖိုရမ် အဆင့်မြင့်မူဝါဒဆွေးနွေးပွဲ၌ ဂျီအမ်အက်စ် အစီအစဉ်၏ ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အဟန့်အတားများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာသည့် ဂျီအမ်အက်စ်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဖွဲ့ဝင်နိုင်ငံများရှိ ဂျီအမ်အက်စ်စီးပွားရေးကောင်စီအသီးသီးမှ ကိုယ်စားလှယ်များအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ဂျီအမ်အက်စ်ဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ပြီး အခြားအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံညှိနှိုင်းရေးမှူးများ၊ အဆင့်မြင့်အရာရှိများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။
