နိုင်ငံ (၅) ခုမှ တပ်မတော်ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးကိုဆွေးနွေး
စင်ကာပူနိုင်ငံ၌ ယနေ့ နိုဝင်ဘာ ၂၆ ရက်ကကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးနှင့် (၁၃) ကြိမ်မြောက် အာဆီယံလုပ်သက်ရင့်အရာခံဗိုလ်များ နှစ်ပတ်လည်အစည်းအဝေးတို့၏ ပူးတွဲဖွင့်ပွဲအခမ်းအနားတို့ကို ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (ကိုယ်စား) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အစည်းအဝေးခေါင်းစဉ်ဖြစ်သည့် “ရာသီဥတုပြောင်းလဲမှုများနှင့်အတူ ပိုမိုထိရောက်သော HADR လုပ်ငန်းစဉ်များကြို တင်ပြင်ဆင်ရေး”နှင့်အညီဆွေးနွေးခဲ့ကြကာ (၂၆) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေး၏ ပူးတွဲကြေညာချက်အားလက်မှတ်ရေးထိုးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် ဘရူနိုင်းဘုရင့်တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Aldi bin Haji Hassan ၊ ထိုင်းဘုရင့်တပ်မ တော်၊ ဒု-ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Amarit Boonsuya ၊ စင်ကာပူတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် Cai Dexian ၊ မလေးရှားဘုရင့်တပ်မ တော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Maruli Simanjuntak ၊ လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒု-အကြီးအကဲ ဗိုလ်ချုပ် Kongthong Soukhavong တို့နှင့်သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့သွားရောက်၍ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များကို တွေ့ဆုံနှုတ်ဆက်၍ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ထို့နောက် စင်ကာပူကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် Cai Dexian နှင့်ဇနီးတို့တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့သည်။
