HIV/ AIDS ရောဂါဆိုင်ရာ ကုလသမဂ္ဂပူးတွဲအစီအစဉ် UNAIDS ၏ ထုတ်ပြန်ချက်အသစ်အရ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေသော်လည်း နိုင်ငံများစွာတွင် နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဆင်ပြေချောမွေ့မှုများရှိမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် AIDS ရောဂါ ပပျောက်စေမည့် လမ်းကြောင်းတစ်ခု ရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
HIV ကူးစက်မှုများ လျော့ကျလာသည့် အာဖရိကတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိသည့် နိုင်ငံနှင့် ဒေသအများစုတွင် AIDS ရောဂါပပျောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသများတွင် ၂၀၁၀ ပြည့်နှစ်မှ ယခုအချိန် အထိ HIV/ AIDS ရောဂါကူးစက်မှု ၅၇% အထိ လျော့ကျလာခဲ့ကြောင်း UNAIDS ၏ အမှုဆောင်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ART ကုသမှုဖြင့် လူ့အသက်ပေါင်း ၂၀ ဒသမ ၈ သန်း ကို ကယ်ဆယ်ပေးနိုင်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်း၌ ကလေးငယ် ၆ သိန်း ၆ သောင်း အပါအဝင် HIV ရောဂါပိုးကူးစက်ခံထားရသည့် လူပေါင်း ၉ ဒသမ ၂ သန်းသည် ART ဆေးဝါး မရရှိသေးကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၌ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် HIV ရောဂါကူးစက်ခံထားရသူ ၃၉ သန်းရှိကာ AIDS ရောဂါဖြင့် ဆက်စပ်သော နာမကျန်းမှုများကြောင့် လူပေါင်း ၆ သိန်း ၃ သောင်း သေဆုံးခဲ့ကြောင်းလည်း UNAIDS ၏ အချက် အလက်များအရ သိရသည်။