၂၀၂၅ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်း နှစ်ကြိမ်ကြုံခဲ့ရသော်လည်း အပြည့်အ၀ နေကြတ်ခြင်းကိုမူ မကြုံခဲ့ရပေ။
သို့သော် တစ်စိတ်တစ်ပိုင်း သို့မဟုတ် မီးကွင်းပုံစံနေကြတ်ခြင်းမျိုးလောက်ကို မရောင့်ရဲနိုင်သူများအတွက် သတင်းကောင်းမှာ ၂၀၂၆ ခုနှစ်တွင် အပြည့်အဝနေကြတ်ခြင်းဖြစ်သည်။
နာဆာ၏ သုတေသနပြုချက်အရ လသည် နေနှင့် ကမ္ဘာအကြားမှ ဖြတ်သန်းချိန်တွင် နေကြတ်ခြင်းဖြစ်ပေါ်ပြီး နေ၏ မျက်နှာပြင်ကို လုံးဝပိတ်ဆို့သွားခဲ့သည်။ လ၏ အရိပ်ကမ္ဘာပေါ် ကျရောက်သောအခါ နေကြတ်ခြင်းဖြစ်ပေါ်လာပြီး ကောင်းကင်သည် မိုးသောက်ချိန် သို့မဟုတ် ညနေဆည်းဆာချိန်ကဲ့သို့ မှောင်မိုက်သွားလိမ့်မည်။
ထို့အပြင် ၂၀၂၆ ခုနှစ်တွင် နေအပြည့်ကြတ်ခြင်းတစ်ကြိမ်၊ တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းတစ်ကြိမ်၊ လအပြည့်ကြတ်ခြင်း တစ်ကြိမ် တစ်စိတ်တစ်ပိုင်း လကြတ်ခြင်းတစ်ကြိမ်တို့ ဖြစ်ပေါ်မည်ဟု သိရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် တစ်စိတ်တစ်ပိုင်း သို့မဟုတ် မီးကွင်းပုံစံ နေကြတ်ခြင်းဖြစ်ပေါ်မည်ဖြစ်ကာ ယင်းကို အာဖရိကတောင်ပိုင်း၊ တောင်အမေရိက တောင်ပိုင်း၊ ပစိဖိတ်၊ အတ္တလန္တိတ်၊ အိန္ဒိယသမုဒ္ဒရာနှင့် အန္တာတိကတို့မှ မြင်တွေ့ရမည်။ မတ်လ ၂ ရက်နေ့မှ ၃ ရက်နေ့အတွင်း လအပြည့်ကြတ်ခြင်းကို ကြုံရမည်ဖြစ်ကာ ယင်းကို ဥရောပအရှေ့ပိုင်း၊ အာရှ၊ သြစတြေးလျ၊ မြောက်အမေရိက၊ တောင်အမေရိက၊ ပစိဖိတ်၊ အတ္တလန္တိတ်၊ အိန္ဒိယသမုဒ္ဒရာ၊ အာတိတ်၊ အန္တာတိကတို့မှ မြင်တွေ့ရမည်ဖြစ်သည်။
နေအပြည့်ကြတ်ခြင်းသည် သြဂုတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်မည်ဖြစ်ပြီး ဥရောပ၊ အာရှမြောက်ပိုင်း၊ အာဖရိက၏ အနောက်ပိုင်းနှင့် မြောက်ပိုင်း၊ မြောက်အမေရိကဒေသများစွာ၊ ပစိဖိတ်၊ အတ္တလန္တိတ်နှင့် အာတိတ်ဒေသတို့မှ မြင်တွေ့ကြရမည်ဖြစ်သည်။
တဖန် တစ်စိတ်တစ်ပိုင်း လကြတ်ခြင်းကို သြဂုတ်လ ၂၇ ရက်မှ ၂၈ ရက်တွင် ကြုံတွေ့ရမည်ဖြစ်ပြီး ယင်းကို ဥရောပ၊ အာရှအနောက်ပိုင်း၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ ပစိဖိတ်၊ အတ္တလန္တိတ်၊ အိန္ဒိယသမုဒ္ဒရာ၊ အန္တာတိကတို့မှ မြင်တွေ့ရမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၏ အပြည့်အဝနေကြတ်ခြင်းသည် အိုက်စလန်အနီးတွင် ၂ မိနစ် ၁၈ စက္ကန့်ဖြင့် အကြာမြင့်ဆုံးဖြစ်လိမ့်မည်ဟု နာဆာက ဆိုထားသည်။ ယင်းသည် ပင်မဥရောပဒေသအတွက် ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အပြည့်အ၀ နေကြတ်ခြင်း အတွေ့အကြုံဖြစ်ကြောင်းလည်း သိရသည်။
Ref: Time and Date, အမ်ဂျေ
