လာမည့် ၂၀၂၆ ခုနှစ်တွင် အမျိုးသမီးဘောလုံး အကယ်ဒမီကိုစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းအတွက် တည်ဆောက်နေဆဲဖြစ်သည့် အဆိုပါအဆောက်အဦးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးဘောလုံးအကယ်ဒမီကို ၂၀၂၆-၂၇ ခုနှစ် စာသင်နှစ်တွင် အမျိုးသမီး ယူ-၁၂/၁၃၊ ယူ-၁၄/၁၅ အသင်းများကို အချိန်မီစတင်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် လိုအပ်သည့် လေ့ကျင့်ရေးကွင်း(၂)ကွင်းကိုလည်း ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်လှူဒါန်းပေးသွားမည်ဖြစ်သည်ဟု အဖွဲ့ချုပ်ကအသိပေးထားသည်။
ယင်းကဲ့သို့ သွားရောက် စစ်ဆေးမှုအပြီး မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မန္တ လေး ဖူဆယ်ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ လက်ရွေးစင် ဘောလုံးသမားဟောင်းကြီးများကို တွေ့ဆုံ၍ မန္တလေးတိုင်းကိုယ်စားပြု Myanmar Women League ပြိုင်ပွဲဝင် ကလပ်အသင်းသစ်ပေါ်ထွက်လာရေး၊ ဖူဆယ်ပြိုင်ပွဲများ ပိုမိုကျယ်ပြန့်စွာကျင်းပနိုင်ရေးနှင့် ဖူဆယ်လေ့ကျင့်ရေးကွင်း တည်ဆောက်ပေးနိုင်ရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
