၂၀၂၅ ရွေးကောက်ပွဲသည် အောင်မြင်မှုရှိမည့်အပြင် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း ယနေ့ အောက်တိုဘာ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် ရွေးကောက်ပွဲအား ပထမအကြိမ်တွင် (၁၀၂) မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် (၁၀၀) နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ထပ်မံကျန်ရှိသည့် မြို့နယ်များအား ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ကျင်းပပေးမည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲကို ရာနှုန်းပြည့် မလုပ်နိုင်တောင်မှ ကျန်တဲ့အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တဲ့ရွေးကောက်ပွဲကိုလည်း နောင်လာမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်ကြရင် ဖြည့်ဆည်းပြီးတော့မှ အားလုံးပြည့်စုံအောင်လုပ်ဖို့ ဒါလည်းကျွန်တော်တို့ စဉ်းစားထားတယ်ဆိုတဲ့အကြောင်းလည်း ကျွန်တော် ပြောလိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ဒီဇင်ဘာ (၂၈) ရက်တွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ပါတီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီ စုစုပေါင်းနိုင်ငံရေးပါတီ ၅၇ မှ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ယခင်ရွေးကောက်ပွဲ သုံးရပ်လုံးတွင်ရရှိခဲ့သည့် အတွေ့အကြုံအရ မဲလက်မှတ်များနှင့် ကြိုတင်မဲများတွင် မဲမသမာမှုများဖြစ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ မဖြစ်ပေါ်စေရန်အတွက် ယခုရွေးကောက်ပွဲတွင် မြန်မာအီလတ်ထရောနစ်မဲပေးစက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
