ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၅ ဆီးဂိမ်းတွင် မြန်မာနိုင်ငံကစ်ဘောက်ဆင်အဖွဲ့ချုပ်က ကစ်ဘောက်ဆင်ပြိုင်ပွဲအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကစ်ဘောက်ဆင်အဖွဲ့ချုပ်မှ သိရသည်။
၎င်းတို့အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ၌ ကစ်ဘောက်ဆင်ပြိုင်ပွဲသည် အတန်းရှစ်တန်းပါဝင်ပြီး ရှစ်တန်းလုံး တန်းပြည့်ဝင်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲအတွက်အကောင်းဆုံးရှစ်ယောက်ကို သက်ဆိုင်ရာ နည်းပြများ၏ အကြံပေးမှုနှင့်အတူ ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကစ်ဘောက်ဆင်အားကစားသည်နှစ်မျိုးရှိပြီး ကြိုးဝိုင်းတွင်း ထိုးသတ်သည့်ပြိုင်ပွဲနှင့် မြက်ဖျာပေါ်တွင် ထိုးသတ်သည့် ပြိုင်ပွဲတို့ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ရပ်လုံးတွင် မြန်မာနိုင်ငံ ကစ်ဘောက်ဆင် အဖွဲ့ချုပ်မှ အမျိုးသားအားကစားသမား ငါးဦးနှင့် အမျိုးသမီးအားကစားသမားသုံးဦး စုစုပေါင်း ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ကစ်ဘောက်ဆင်အဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမ၌ တစ်နေ့နှစ်ကြိမ် စခန်းသွင်းလေ့ကျင့်လျက်ရှိကြကြောင်း သိရသည်။
အဆိုပါ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် ကစ်ဘောက်ဆင်အားကစားသမားများအား မြန်မာနည်းပြများအပြင် အိုလံပစ်ကော်မတီမှ ပြင်သစ်နည်းပြမှနှစ်ကြိမ်၊ မလေးရှားနည်းပြမှတစ်ကြိမ် လာရောက် သင်ကြားပေးခဲ့ပြီး ပြိုင်ပွဲအောင်မြင်မှုရရှိရေးအတွက် ဂျပန်နည်းပြတစ်ဦးက အနီးကပ် ကြပ်မတ်သင်ကြားပေးလျက်ရှိကာ နိုဝင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားသို့ ပူးတွဲလေ့ကျင့်ရေး (Joint Training) သွားရောက်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။
