မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးပြည့်ဖြိုးမောင်သည် ASEAN Federation of Engineering Organizations (AFEO) ဥက္ကဋ္ဌမှ ပေးအပ်ချီးမြှင့်သည့် အာဆီယံအကောင်းဆုံးအင်ဂျင်နီယာဆုရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုအား ဖိလစ်ပိုင်နိုင်ငံ Pampanga Mabalacat City SMX Convention Center Clark တွင် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် AFEO များညီလာခံ၏ ညစာစားပွဲတွင် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၄င်းသည် နိုင်ငံတကာသုတေသနစာ တမ်းဖတ်ပွဲများတွင် ဆုများရရှိခဲ့မှု၊ ကမ္ဘာ့အဆင့်နည်းပညာဆိုင်ရာပြိုင်ပွဲများဖြစ်သည့် Composite World Cup ပြိုင်ပွဲကြီးများတွင် ဆုများဆွတ်ခူးနိုင်ခဲ့မှု၊ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးအတွက် ခေတ်မီနည်းပညာနှင့် သမားရိုးကျနည်းပညာတို့ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းဘုရားများ၊ စေတီတော်ကြီးများနှင့် အဆောက်အအုံများအား Composite နည်းပညာဖြင့်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့မှုတို့အတွက် (AFEO) ASEAN Outstanding Engineering Achievement Award (Individual Category)ကိုချီးမြှင့်ပေးရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်က အဆိုပြုလွှာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဗီယက်နမ်နိုင်ငံ၊ဒါနန်း မြို့၌ကျင်းပသည့် AFEO အစည်းအဝေးတွင် စိစစ်သုံး သပ်၍ Governing Board Meeting သို့ဆက်လက်အတည်ပြုချက်တောင်းခံပြီးနောက် ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
(၄၃)ကြိမ်မြောက်AFEO များ၏ ညီလာခံသို့ အာဆီယံနိုင်ငံ(၁၀)နိုင်ငံမှ အင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအသင်းချုပ်မှတာဝန်ရှိသူများ၊ ကမ္ဘာ့အင်ဂျီနီယာအသင်း၊အာရှ ပစိဖိတ်ဒေသအင်ဂျီနီယာအသင်းတို့မှတာဝန်ရှိသူများ၊ အာရှနှင့် အာဆီယံနိုင်ငံအသီးသီးမှ အင်ဂျင်နီယာများတက်ရောက်ခဲ့ကြပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညီလာခံများနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သုတေသနစာတမ်းဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
