၂၀၂၅ ခုနှစ်အတွင်း အစွန်းရောက်ရာသီဥတု လာနီညာဖြစ်ပေါ်နေမှုမှာ အားပျော့သည့် အဆင့်၌သာရှိနေသောကြောင့် ရာသီဥတုဖောက်ပြန်မှု လျော့နည်းသော နှစ် (၁) နှစ်ဖြစ်နိုင်မည်ဟု ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းပြောဆိုချက်အရ သိရသည်။
အစွန်းရောက်ရာသီဥတု လာနီညာ ဖြစ်ပေါ်နေမှုမှာ အားပျော့သည့် အဆင့်မှာသာရှိနေပြီး ၂၀၂၅ ခုနှစ် မတ်၊ ဧပြီ၊ မေ (၃) လအတွင်း အယ်နီညို မဟုတ် လာနီညာ မဟုတ်သော ပုံမှန် Neutral အခြေအနေကို ပြောင်းသွားနိုင်မည်ဟုခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။
အပူချိန်ဖြစ်နိုင်ချေအနေဖြင့် ၂၀၂၅ ခုနှစ် အစ၊ နှစ်ဝက် (၆)လအတွင်းမှာ ပြီးခဲ့သည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ် (အယ်လ်နီညိုဖြစ်ခဲ့သည့်နှစ်)ကဲ့သို့ ဖြစ်မြဲအပူချိန်များထက် များစွာလွန်ကဲသောပူပြင်းမှု မဖြစ်နိုင်ဟု ဦးဝင်းနိုင်က ဆိုသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှ မေလအတွင်း နှစ်စဉ်ဖြစ်မြဲ အပူချိန်အထက် 1 °C မှ 1.5 °C အထိ ပိုမိုပူပြင်းနိုင်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အပူချိန်များထက် 1°C မှ 2 °C ခန့် လျော့ကျနိုင်မည်ဟု ၎င်းက ခန့်မှန်းထားသည်။
မိုးရွာသွန်းနိုင်မည့် အခြေအနေအရ ၂၀၂၅ ခုနှစ် မိုးကြိုကာလ ဧပြီ (၁၆) ရက်မှ မေ (၁၅) ရက်အတွင်း တနင်္သာရီ တိုင်းဒေသကြီးမှ အစပြုကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မိုးဦးမိုးစတင်ရွာသွန်းနိုင်ကြောင်း သိရသည်။
နှစ်စဉ်ရွာသွန်းမြဲအထက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ (ဝ.၄ လက်မ မှ ဝ.၈ လက်မခန့်အထိ)မိုးရေချိန်ပိုမိုရွာသွန်းနိုင်ကြောင်း တွေ့ရသည်ဟု ၎င်းက ဆိုသည်။
မိုးဦးကာလ မေ (၁၆) ရက်မှ ဇွန် (၃၀) ရက်အတွင်း၌ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှ လွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နှစ်စဉ်ရွာသွန်းမြဲ မိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာ(ဝ.၄ လက်မ မှ ၁.၆ လက်မခန့်အထိ) မိုးရေချိန်ပိုမိုရွာသွန်းနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။
“မိုးလယ်ကာလအတွင်း (ဇွန် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ)မှာတော့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းဒေသတွေမှာ နှစ်စဉ်ရွာသွန်းမြဲအောက် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာ(ဝ.၈ လက်မ မှ ၁.၂ လက်မ ခန့်အထိ) လျော့နည်းရွာသွန်းနိုင်မယ်လို့ Seasonal Forecast ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်”ဟု ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ထို့ကြောင့် အပူလွန်ကဲသောနှစ် မဖြစ်နိုင်ဘဲ ပုံမှန်ရာသီဥတုဖြစ်နိုင်မည်ဆိုသော်လည်း မိုးဦး/ မိုးကြိုကာလနှင့် မိုးနှောင်း/မိုးလွန်ကာလများအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ နိုင်ငံပတ်ဝန်းကျင်ရှိ ပင်လယ်များတွင် ဖြစ်လာတတ်သည့် ထူးခြားမိုးလေဝသအခြေအနေများအပေါ်မူတည်ပြီး မိုးရွာသွန်းနိုင်မည့် အခြေအနေများ ပြောင်းလဲမှု ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်များဘက်တွင် ဖြစ်ပေါ်လာနိုင်သည့် လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းအခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်နေရန် လိုအပ်ကြောင်းလည်း ဦးဝင်းနိုင်က ဆိုထားသည်။