ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းပြည်ပသို့ ရော်ဘာ တန်ချိန် ၃၅၀,၀၀၀ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှ ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်နှင့် အိန္ဒိယ စသည့်နိုင်ငံများသို့ အများဆုံးတင်ပို့ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှတာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာ တန်ချိန် ၂၀၀,၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း သိရသည်။
ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများ ဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီ တိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။