၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် (KG + 12) စနစ်သစ် သင်ရိုးသစ်ဖြင့် ကျင်းပဖြေဆိုကြရမည်ဖြစ်သည့်အတွက် ဆရာဆရာမများအနေဖြင့် ကြိုတင်သိရှိ လေ့ကျင့်သင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေက မှာကြားလိုက်သည်။
ဇန်နဝါရီလ ၂၆ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲသည် (KG + 12) စနစ်သစ် သင်ရိုးသစ်ဖြင့် ကျင်းပမည်ဖြစ်သည့်အတွက်ဘာသာရပ်အလိုက် မေးခွန်းပုံစံနှင့် မေးခွန်းနမူနာတို့ကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကြိုတင်သိရှိပြီး သင်ကြားလေ့လာနိုင်ရန် ၂၀၂၃ ခုနှစ် ဇွန်လ ကျောင်းဖွင့်ရက် မတိုင်မီ မေလဆန်းတွင် ထုတ်ပြန်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းပြုစုကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်မှူးချုပ်များနှင့် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စည်းမျဉ်းစည်းကမ်း တိကျစွာလိုက်နာ၍ စနစ်တကျ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ KG + 12 နှင့် ချိတ်ဆက်မိသော တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများကို ဆက်လက်ရေးဆွဲပြုစုကြရမည် ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စု၀န်ကြီးက ပြောကြားခဲ့သည်။