နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂ဝ၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်(၉၀၀)အပါအဝင် အပင်ပေါင်း(၂၄၀၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက သစ်ပင်သစ်တောများရှိခြင်းသည် မိမိတို့နေထိုင်သော ပတ်ဝန်းကျင်ကိုသာယာလှပမှုဖြစ်ပေါ်စေပြီး လူနှင့်သက်ရှိတို့အတွက် ကောင်းကျိုးများစွာရရှိသဖြင့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် စဉ်ဆက်
မပြတ်ဆောင်ရွက်ရန် မှာကြားသည်။
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများကိုစနစ်တ ကျထိန်းသိမ်းခြင်းဖြင့် အရှိန်အဟုန်ဖြင့်ရေစီးဆင်းမှုကိုအထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ပြီး ရေစီးကြောင်းနှင့်အတူ မျောပါလာသည့် သစ်လုံးကြီးများကိုလည်းတားဆီးနိုင်မည်ဟု ပြောသည်။
ထို့ပြင် ကြာမြင့်သစ်တောတစ်ခုဖန်တီးပါက အ နည်းဆုံးဆယ်နှစ်နှင့်အထက်ကြာမြင့်မည်ဖြစ်ပြီး မိမိတို့ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးရလာဒ်ကို နောင်အနာဂတ်မျိုးဆက်သစ်များက ခံစားကြရမည်ဖြစ်ကာ နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ပြောသည်။
ထို့ကြောင့်သစ်ပင်များစိုက်ပျိုးရာတွင် “တစ်ပင် စိုက်လျင် တစ်ပင်ရှင်ရမည်” ဆိုသည့်အတိုင်း ရှင်သန်အောင်စိုက်ပျိုးရန်နှင့် ရေရှည်ဆက်လက်ကြီးထွားလာစေရေးကို တာဝန်ရှိသူများကစဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းသွားရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။
ယမန်နေ့ ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ရတနာတန်းဝင် ကျွန်းပင်(၉၀၀)ပင်၊ မဟော်ဂနီ(၆၀၀)ပင်၊ ပျဉ်းကတိုး(၃၀၀)ပင်၊ ပိတောက်(၆၀၀)ပင် (စုစုပေါင်း ၂၄၀၀ ပင်)အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာ ၂၇ ရက်အတွင်းတပ်မတော်တစ်ရပ်လုံးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ စုစုပေါင်းသစ်ပင်(၂၂၁၅၇၃)ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။