လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကြက်သွန်နီတန်ချိန် တစ်သိန်းတင်ပို့သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့တင်ပို့ရာတွင် ၂၀၂၃ ခုနှစ် ဧပြီလ မှ ဇွန်လ အထိ ကြက်သွန်နီတန်ချိန် သုံးသောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ကြက်သွန်နီ တန်ချိန် တစ်သောင်းခွဲနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကြက်သွန်နီတန်ချိန် နှစ်သောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ကြက်သွန်နီတန်ချိန် သုံးသောင်းခွဲ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး၌ နှစ်စဉ် ကြက်သွန်နီ တန်ချိန် တစ်သန်းကျော် စိုက်ပျိုးထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ပါတင်ပို့လေ့ရှိကာ ယခုနှစ်အတွင်း တန်ချိန်ရှစ်သောင်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာပြည်၌ စိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီကို ပြည်ပဝယ်လိုအားဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံမှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေနေ့စဉ် ၅၀ ဝန်းကျင်ဝင်ရောက်နေကြောင်း သိရသည်။

