ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ (၅၁) သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ရေ ထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၄ ဒဿမ ၈၉၉ သန်းကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၇၆၅ ဒသမ ၉၄၇ သန်းကျော် ရရှိထားသ ည့်အတွက် ကန်ဒေါ်လာ ၅၁ ဒသမ ၀၄၈ သန်းလျော့ကျနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းတွေကနေ တဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်ကာလ မတိုင်ခင်အခြေအနေကို ပြန်လည်မရောက်ရှိသေးသည့် အတွက် တင်ပို့မှုလျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီး ချင်းနိုင်ငံထံသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ငါး၊ ပုစွန်၊ ဂဏန်း စသည့်ရေထွက်ကုန်များကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့်ပုစွန် မွေးမြူသည့်ကန်ပေါင်း (၄၈၀,၀၀၀) ရှိသည့်အပြင် အအေးခန်းသိုလှောင်ရုံပေါင်း (၁၂၀) ကျော်ရှိကြောင်း ငါး၊ ပုဇွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါး မြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား (၂၀) ကျော်တင်ပို့လျက်ရှိကြောင်း သိရသည်။