မှတ်တမ်းတင်ဖူးသမျှ မြန်မာ့စပါးအုံးမြွေများတွင် စံချိန်တင် အရှည်ဆုံးဖြစ်သည့် ၁၉ ပေရှည် မြွေကြီးကို ဖလော်ရီဒါပြည်နယ်ရှိ Big Cypress နိုင်ငံပိုင် ကြိုးဝိုင်း သစ်တော တွင် ဒေသခံ မုဆိုးများက ပြီးခဲ့သည့်အပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းမြွေ၏ အရှည်သည် အရွယ်ရောက်ပြီးသား သစ်ကုလားအုတ် တစ်ကောင်၏ အရပ်နီးပါး ရှိနေခြင်းဖြစ်သည်။
အဆိုပါ စံချိန်တင် မြွေကြီးကို ၂၂ နှစ်အရွယ် ဂျိတ်ခ် ဝေလရီ ဆိုသူ ဇူလိုင်လ ၁၀ ရက် တနင်္လာနေ့တွင် ဖမ်းမိခဲ့ပြီး သူ၏ မွေးရပ်ဇာတိဖြစ်သော နေပယ်မြို့ရှိ ဖလော်ရီဒါ အနောက်တောင်ပိုင်း ထိန်းသိမ်းရေးအဖွဲ့ဆီ ယူဆောင်လာခဲ့ကြောင်း အဆိုပါ ထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။ ထိုမြွေကြီးအား ဝေလရီတစ်ယောက် ဖမ်းဆီးနေချိန် ရိုက်ကူးထားသော ဗီဒီယိုကိုလည်း အင်စတာဂရမ်ပေါ်တွင် တင်ထားခဲ့သည်။
ထိန်းသိမ်းရေးအဖွဲ့ရှိ တာဝန်ရှိသူများ၏ တိုင်းတာချက်အရ ထိုမြွေကြီးသည် ၁၉ ပေ ရှည်ပြီး ၁၂၅ ပေါင် လေးကြောင်း သိရသည်။ အရှည်အားဖြင့် စံချိန်သစ် တင်ခဲ့ခြင်းဖြစ်သည်။ ယခင်စံချိန်မှာ ၁၈ ပေ ၉ လက်မဖြစ်ပြီး ၂၀၂၀ ခုနှစ်၌ တင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အရှည်ဆုံး မြွေမျိုးစိတ်ထဲက တစ်မျိုးဖြစ်သည့် မြန်မာ့ စပါးအုံးမြွေသည် ဖလော်ရီဒါ၏ ဒေသခံ သားရဲတိရစ္ဆာန် မဟုတ်ဘဲ ဒေသတွင်းရှိ ဌာနေတိုင်းရင်းငှက်များ၊ နို့တိုက်သတ္တဝါများနှင့် တွားသွားသတ္တဝါများကို ဖမ်းဆီးစားသောက်နေသည့်အတွက် ၎င်းဒေသ၏ ဂေဟစနစ်ကို ထိခိုက်လာနေကြောင်း သိရသည်။ ထို့ကြောင့် အစိုးရ၏ ခွင့်ပြုချက်အရ မြန်မာ့ စပါးအုံးမြွေများကို ဖလော်ရီဒါပြည်နယ်၌ အမဲလိုက် ဖမ်းဆီးနိုင်ပေသည်။
Source: NPR