ဝါရှင်တန်၊ဧပြီ ၁၇
ဝါရှင်တန်နှင့်ပေကျင်းတို့၏ ကာကွယ်ရေးဝန်ကြီးများဖြစ်ကြသော လွိုက်အော်စတင်နှင့် ဒေါင်ဂျုန်း တို့သည် ၁၈ လနီးပါး အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရင့်မှဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အမေရိက အနေဖြင့် တရုတ်၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကိုတန်ပြန်ရန် အာရှ – ပစိဖိတ်ဒေသရှိ ၎င်း၏မဟာမိတ်များနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် လုပ်ဆောင်နေသော်လည်း တင်းမာမှုများမတိုးပွားစေရန် ပေကျင်းနှင့်ဆက်သွယ်ရေးလမ်းကြောင်းများကို ဆက်လက်ထိန်းသိမ်းထားလိုခြင်းလည်းဖြစ်သည်။
“ယခုတွေ့ဆုံမှုအတွင်း အရာရှိနှစ်ဦးသည် အမေရိက – တရုတ်အ ကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံ ရေး အပါအဝင် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြသည်” ဟု ပင်တဂွန်၏ကြေငြာချက်တွင်ဖော်ပြထားသည်။
ဆက်လက်၍ မစ္စတာအော်စတင်က နှစ်နိုင်ငံအကြား မကြာသေးမီကပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတိုင်း နှစ်ဘက်စစ်ရေးအရဆက်ဆံမှုအား ဆက်လက်ဖွင့်လှစ်ထားရန်လိုအပ်ကြောင်းဆိုကာ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍မူ အမေရိကအနေဖြင့် နိုင်ငံတကာဥပဒေများအသိအမှတ်ပြုထားသည့်နေရာတွင် လွတ်လပ်စွာကူးသန်းရောင်းဝယ်သွားလာနေဦးမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။
ပေကျင်းကမူ အင်အားကြီးနှစ်နိုင်ငံအကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် အတွက် အစဉ်တစိုက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးအား တန်ဖိုးရှိပြီးတည်ငြိမ်ကာ အရေးကြီးသည့်အရာအဖြစ်သတ်မှတ်ကြရန်လည်းဆိုခဲ့သည်။
ဆက်လက်၍ မစ္စတာ ဒေါင် က ထိုင်ဝမ်အရေးနှင့်ပတ်သက်၍လည်း အမေရိကအားသတိပေးခဲ့သလို တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ပါ သတိပေးစကားဆိုခဲ့သည်။
အမေရိကအနေဖြင့် တရုတ်နိုင်ငံ၏ ခိုင်မာသည့်ရပ်တည်ချက်ကို အသိအမှတ်ပြုသင့်ပြီး၊တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ပိုင်နက်အချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများကို လေးစားလိုက်နာပြီး ဒေသတွင်း ငြိမ်းချမ်းရေးကိုကာကွယ်ဖို့ လက်တွေ့ကျသည့်လုပ်ရပ်များအားလုပ်ဆောင်သင့်ပါတယ်” ဟုလည်း Dong ကပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ