၂၀၁၅ ခုနှစ်မှ လက်ရှိ ၂၀၂၅ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း AA အဖွဲ့နှင့်ဆက်စပ်နေသည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု(၁၆)ကြိမ်ရှိခဲ့ကာ ယင်းဖမ်းဆီးရမိမှုများ၏တန်ဖိုးမှာ ငွေကျပ်(၁,၂၃၃ ဒသမ ၆၇)ဘီလီယံအထိရှိခဲ့သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
AA အဖွဲ့သည် ၂၀၁၃ ခုနှစ်ခန့်မှစတင်ကာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုများကို နည်းလမ်းမျိုးစုံဖြင့်လုပ်ဆောင်ခဲ့ပြီး ထုတ်ပိုးမှုပုံစံမျိုးစုံရှိသည့်အပြင် သယ်ဆောင်ရာတွင်လည်း ဆီဘောက်ဆာကားကိုအံဝှက်လုပ်သယ်ဆောင်ကြပြီး ဖမ်းဆီးရမိခဲ့သော AA အကြမ်းဖက်အဖွဲ့ဝင်များ၏ ထွက်ဆိုချက်အရ ယင်းမူးယစ်ဆေးဝါးများကို ၎င်းတို့အကြမ်းဖက်အဖွဲ့၏ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် တာဝန်ပေးစေခိုင်းခြင်းဖြစ်သည်ကို ဖော်ထုတ်သိရှိခဲ့ရသည်ဟု ပြောသည်။
” AA အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့မူးယစ်ဆေးဝါးတွေကို ၂၀၁၅ ခုနှစ်မှာ(၁)ကြိမ်၊ ၂၀၁၉ ခုနှစ်မှာ(၄) ကြိမ်၊ ၂၀၂၀ ပြည့်နှစ်မှာ(၁)ကြိမ်၊ ၂၀၂၃ ခုနှစ်မှာ(၂)ကြိမ်၊ ၂၀၂၄ ခုနှစ်မှာ(၂)ကြိမ်၊ ၂၀၂၅ ခုနှစ်အတွင်းမှာ(၆)ကြိမ်ရှိတဲ့အတွက် စုစုပေါင်းဖမ်းဆီးရမိမှုဟာ (၁၆)ကြိမ်တိတိရှိခဲ့ပါတယ်။ တန်ဖိုးငွေအရဆိုရင် ကျပ်(၁,၂၃၃ ဒသမ ၆၇)ဘီလီယံရှိပါတယ်။ ဒီပမာဏကိုကြည့်ရင် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာတွေ့နိုင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်ကဖမ်းဆီးရမိခဲ့သူများအနက် AA အကြမ်းအဖွဲ့ဝင် ဗိုလ်အဆင့်ရှိသော ထွန်းလင်း(ခ)ပြုံးချို၊ ဒု-ဗိုလ်အဆင့်ရှိသော နေလင်းထွန်း(ခ)နောနော်(ခ) ကျော်စိုးနှင့် ဒု-ဗိုလ်အဆင့်ရှိသော စိုးထွန်း၊ တပ်ကြပ်ကြီးအဆင့်ရှိသော ကျော်ဟန်၊ တပ်သားအဆင့်ရှိသော ကျော်လင်းဆန်းနှင့် တပ်သားအဆင့်ရှိသော ဦးထွန်းနုတို့(၆)ဦးပါဝင်ခဲ့ပြီး ဆက်လက်ဖမ်းဆီးရမိသူများမှာလည်း AA အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်သူများ၊ AA အကြမ်းဖက်အဖွဲ့မှဦးစီးလုပ်ကိုင်နေသော မူးယစ်ဆေးဝါးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်သည်ဟု ပြောသည်။
” AA အကြမ်းဖက်အဖွဲ့တွေဟာ ဒေသခံတွေကို ငွေကြေးနဲ့မက်လုံးပေးပြီး မူးယစ်ဆေးဝါးတွေကို သယ်ဆောင်စေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေကို ရောင်းချတာအပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရေလမ်းကြောင်းကနေတစ်ဆင့် တခြားနိုင်ငံတွေကိုလည်း အဆင့်ဆင့်ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ရဲ့ ရာမူး စစ်ဌာနချုပ်မှူးကိုယ်တိုင် စက်တင်ဘာ ၁၅ ရက်က သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုသို့ တင်ပို့ရောင်းချပြီးနောက် ရရှိလာသည့်ငွေကြေးများဖြင့် AA အကြမ်းဖက်အဖွဲ့သည် ရိက္ခာ၊ လက်နက်/ ခဲယမ်းများကို ဝယ်ယူနေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
