ထက်နိုင်အောင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ် ထားပြီး ဒါရိုက်တာ အောင်သျှံဝိုင်း (ကျိုက်မရော) ရိုက်ကူး ထားတဲ့ ‘ပြောင်းပြန်စီးသောမြစ်’ ဗီဒီယို ဇာတ်ကားသစ် မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ထက်နိုင်အောင်၊ ဘေဘီမောင်နဲ့ မိုခမ်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ သရုပ်ဆောင် ထက်နိုင်အောင်က ထက်ထက်မိုးဦးရဲ့ အစ်ကိုရင်းဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာလောကထဲက ကျန်းမာရေးအခြေအနေကြောင့် ၁ဝ နှစ်ကြာ ခေတ္တထွက်ခွာသွားခဲ့ပြီး အခု နာမည်အသစ်နဲ့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ကိုထက်နိုင်အောင်က ”ကျွန်တော် အနုပညာလောကထဲကနေ ထွက်ခွာသွားတဲ့အချိန်မှာ တအားစိတ်ထိခိုက်ရတယ်။ ကိုယ်က ကျန်းမာရေးအခြေအနေလည်း မကောင်းဘူး။ နှလုံးရောဂါဆိုတော့လည်း မနားလို့လည်း မရဘူး။ အခက်အခဲတွေတော့ တအားဖြစ်တယ်။ ဒါပေမဲ့ အခု ၁ဝ နှစ်တာကြာသွားတဲ့ အချိန်မှာ ကျွန်တော် နာမည်ပြောင်းပြီးတော့ ဝင်ရောက်လာတယ်။ အကုန်လုံးလည်း ပြောင်းလဲထားတယ်။ သရုပ်ဆောင်အသစ်တွေလည်း တအားပေါ်လာတော့ ကျွန်တော်နေရာတစ်ခုရဖို့ တော်တော်လေးကို ကြိုးစားရဦးမှာပါ” လို့ ပြောပါတယ်။ အနုပညာကိစ္စတွေနဲ့ ပတ်သက်လို့ ညီမဖြစ်သူ ထက်ထက်မိုးဦး ကို အမြဲတိုင်ပင်ဖြစ်ပုံကိုလည်း ထက်နိုင်အောင်က ခုလိုပြောပြဖြစ်ပါတယ်။ ”သူနဲ့က အမြဲတမ်းတိုင် ပင်ဖြစ်တယ်။ ကျွန်တော်က ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ သူ့ကိုပြရင် သူကဝေဖန်တယ်။ အစ်ကို ဒီဇာတ်ကားကတော့ ဒါတွေလိုတယ်။ ဒီနေရာက မရောက်ဘူး။ ဒီလိုလုပ်နေရင် ပရိသတ် တွေ စိတ်ဝင်စားမှာမဟုတ်ဘူးဆိုပြီး အမြဲတမ်းကျွန်တော့်ကို ဝေဖန်ပေးတော့ ပိုပြီးတော့ အဆင်ပြေ တယ်”လို့ ပြောပါတယ်။ လတ်တလောမှာ ထက်နိုင်အောင်က ပြောင်းပြန်စီးသောမြစ်၊ အရုဏ်ဦးရဲ့ မုန်တိုင်းနဲ့ လူကြမ်းနဲ့ ရွှေမင်းသမီးဇာတ်ကားတို့ကို ကိုယ်တိုင်ထုတ်လုပ်ပြီး၊ ကိုယ်တိုင် ခေါင်းဆောင် နေရာကနေ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
သဲစုလှိုင်