Mister Tourism World 2016 ဥက္ကာမင်းမောင်က စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဘန်ကောက် ၃ နိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က အဆိုပါ နိုင်ငံတွေသွားရောက်ပြီး လှုပ်ရှားခဲ့တဲ့ အနုပညာလှုပ်ရှားမှုကြောင်းကိုတော့
” အဓိကသွားရောက်တာက အင်ဒိုနီးရှားကိုသွားတာပါ။ အင်ဒိုနီးရှား Muhammad Universities မှလုပ်တဲ့ International Youth Forum 2017 မှာ Mister Tourism World အနေနဲ့ မိန့်ခွန်း ပြောပေးတာပါ။ ဘန်ကောက်ကျတော့ Mister International 2016 ပြိုင်ပွဲကို ဖိတ်လို့ သွား ကြည့်တာပါ” လို့ ဆိုပါတယ်။
တစ်ခြားနိုင်ငံရောက်တိုင်း မြန်မာနိုင်ငံသားဖြစ်ရတဲ့အတွက် ဂုဏ်ယူမိတယ်ဆိုတဲ့ ဥက္ကာမင်းမောင်က တချို့နိုင်ငံခြားသားတွေမေးတဲ့ “မြန်မာနိုင်ငံကို လာလည်ဖို့အတွက် လုံခြုံမှုရှိရဲ့လား” ဆိုတဲ့ မေးခွန်းကို ကြုံရင်ကြုံသလို ရှင်းပြတယ်လို့ သိရပါတယ်။
” ကျွန်တော် နိုင်ငံခြားတွေသွားပြီး ကျွန်တော်တို့မြန်မာနိုင်ငံ ယဉ်ကျေးမှုလေးနဲ့ ယှဉ်ကြည့်မိတာတွေရှိတယ်။ ကျွန်တော် နိုင်ငံခြားရောက်တိုင်း မြန်မာ နိုင်ငံသားဖြစ်လို့ ဂုဏ်ယူမိတယ်။ တချို့ နိုင်ငံခြား မီဒီယာတွေက သေးသေးကို ကြီးကြီးလုပ်ပြီးပြောတဲ့ အတွက် ဒါကိုအဟုတ်မှတ်ပြီး ယုံတယ်။ မြန်မာနိုင်ငံကို လာလည်ဖို့က လုံခြုံမှုရှိ ရဲ့လားဆိုပြီး ခဏခဏမေးခံရတယ်။ ကျွန်တော့်အနေနဲ့ ကြုံရင်ကြုံသလို ဒီလိုမဟုတ်တဲ့အကြောင်းကို ရှင်းပြတယ်” လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။ ဥက္ကာမင်းမောင်က ၃လပိုင်းမှာ နယူး ယောက်၊ သီရိလင်္ကာ၊ ဒူဘိုင်းနိုင်ငံများကို သွားရောက်ဖို့ရှိကြောင်း နဲ့ “၁၈” စီးရီးခွေ ကို MTV စတင် ရိုက်ကူးနေပြီ ဖြစ်ကြောင်းလည်း သိရ ပါတယ်။
ချယ်ရီ
ဓာတ်ပုံ- မင်းမင်းထွန်း