အဆိုတော် ဖြူဖြူကျော်သိန်းက ဇွန်လ ၁၅ ရက်နေ့မှာအစ်မဖြစ်သူတို့ မိသားစုရှိတဲ့ ပြင်သစ်နိုင်ငံကို တစ်လကျော်ကြာ အလည်အပတ် ခရီးထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဖြူဖြူကျော်သိန်းက ပြင်သစ်မှာရှိတဲ့ သူမ ရဲ့တူလေးတွေကို လွမ်းတာကြောင့် အလွမ်းပြေသွားတာဖြစ်သလို အလည်အပတ် သဘောလည်းပါတယ်လို့ ဆိုပါတယ်။ ဖြူဖြူကျော်သိန်းက လတ်တလောမှာတော့ PH Care အမျိုးသမီးသုံး ကျန်းမာရေးပစ္စည်းရဲ့ Brand Ambassador အဖြစ်လည်းဆောင်ရွက်နေပြီး အမျိုးသမီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတတွေ မျှဝေပေးဖြစ်တယ်လို့လည်း သိရပါတယ်။
” Brand Ambassador ဆိုတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း ပြောဆိုဆွေးနွေးတဲ့ အပိုင်းလေးတွေလည်းပါတယ်ဆိုတော့ ဖြူဖြူလည်းစိတ်ဝင်တစားနဲ့ လက်ခံဖြစ်ပါတယ်။အဲဒါကတော့ ဒီနှစ်အတွက် Ambassador အဖြစ်လက်ခံထားတဲ့ Product တစ်ခုပါ” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ဖြူဖြူကျော်သိန်းက လတ်တလောမှာ ပြင်သစ်မှာ ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ဒီက အနုပညာလုပ်ငန်းတွေကို ခေတ္တ ရပ်နားထားပြီး သူမအကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်နေတဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲအတွက် ရိုက်ကူးရက်တွေကိုလည်း ဒီမှာ အပြီးသတ် ရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။
” ဖြူဖြူက သြဂုတ်လမှာ ပြန်ရောက်ပါမယ်။ ဒီကြားထဲမှာတော့ ဒီမှာရှိတဲ့ အနုပညာအလုပ်တွေတော့ အားလုံးလုပ်ထားခဲ့တယ်။ဖြူဖြူ့ရဲ့ သီချင်းသစ်အနေနဲ့ကတော့ လောလောဆယ်တော့ ဝိညာဉ်ကကြိုး ဇာတ်ကားအတွက် Sound Track ဆိုထားတာ ရှိတယ်။ပြီးတော့ စီးရီးသစ်အနေနဲ့ကတော့ လောလောဆယ်ထွက်ဖို့တော့ မရှိသေးဘူး။ သီချင်းတွေကတော့ အဆင်သင့်ရှိနေပြီ။ ဒါပေမဲ့ တစ်ခွေလုံးအနေနဲ့ ထွက်လာဖို့ကတော့ ကြာဦးမယ်။ ဒါပေမဲ့ အွန်လိုင်းကနေ ပြီးတော့ Single အနေနဲ့ သီချင်းတစ်ပုဒ်စီ တော့ ထွက်လာဖို့ ရှိပါလိမ့်မယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ ပါတယ်။
ရဲရဲ