ကောင်ကြီးဂျက်ဟာ “စာအုပ်ကြီးသမား ..” ပါ။ ပိုပြီး တိကျအောင် ပြောမယ်ဆိုရင် ကောင်ကြီးဂျက်ဟာ “စာအုပ်ကြီး ရိုသေသူ” သို့မဟုတ် “စာအုပ်ကြီးကို လွယ်သူ” လို့ ပြောရမှာပါ။
သူဆည်းကပ်တဲ့ စာအုပ်ကြီးဆိုတာကလည်း ခေါင်းအုံးပြီး အိပ်လို့ ရလောက်အောင် “ထူ” ပါတယ်။ သူ့ စာအုပ်ကြီး သူစိတ်ချပုံကလည်း မဂိုဘုရင်တွေက သင်းကွပ်ထားတဲ့ “မိန်းမစိုး” တွေကို မင်းမိဖုရားတွေနဲ့ စိတ်ချသလိုမျိုး၊ သူ့စာအုပ်ကြီးကို စိတ်ချတယ်။ စိတ်ချတာလည်း မပြောနဲ့၊ သူက ဘဝရဲ့ အခြေအနေ ဆိုးတွေကို အကောင်းစားတွေဖြစ် အောင် စာအုပ်ကြီးနဲ့ ထုပ်ထည့် လိုက်တာများ ခြေအိတ်ကိုအတွင်း အပြင်လှန်လိုက်တာလောက်တောင် မခက်ဘူး။ အိုကေတာချည်း။ ဒါနဲ့ပဲ ကောင်ကြီးဂျက်ဟာ နာရီအိမ်ထဲက တွဲလွဲယမ်းချိန်သီးလို သူ့ဘဝကိုလည်း သူ့စာအုပ်ကြီးထဲမှာပဲ အမြဲတမ်း တွဲလွဲယမ်းနေတော့တာပဲ။ သူ့စာအုပ် ကြီးကလည်း ကမ္ဘာ့ပြဿနာပေါင်းစုံ ဖြေရှင်းနည်းတွေ တစ်ခုမကျန်ပါတဲ့ စာအုပ်ကြီးလေ။ ကောင်ကြီးဂျက်ဟာ သူ့စာအုပ်ကြီးကို အားကိုးသလို စာအုပ်ပါနည်းတွေအတိုင်းပဲ နေထိုင်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် သူမနက်စာစားမယ်ဆိုပါ တော့။ သူဒီအတိုင်းမစားဘူး။ စာအုပ်ထဲက “မနက်စာစားနည်းလမ်း ညွှန်” ကို ဖတ်ပြီးမှ စာအုပ်ထဲကအတိုင်း စားတယ်။ သူ့စာအုပ်ကို သူဘယ်လောက်လိုက်နာသလဲဆိုရင် ဥပမာ မနက်စာစားသောက်ပြီး သန့်စင်ခန်း ဝင်ချင်ပြီဆိုပါတော့၊ သူကဘယ်တော့မှ အလွယ်တကူ မဝင်။ ကြိုက်သလောက် ဗိုက်နာ၊ သေအောင်ဗိုက်နာ သူအောင့်ထားပြီး စာအုပ်ကြီးထဲက ” မနက်စာစားပြီး သန့်စင်ခန်း ဝင်နည်းလမ်းညွှန်” ဆိုတာ မရမက ရှာဖတ်ပြီးမှ စာအုပ်အညွှန်းအတိုင်း ဆောင်ရွက်ပါတယ်။ စာအုပ်ထဲမှာလည်း ရေအိမ်ဝင်နည်းချည်းကို ၂၄နာရီစာ အကုန်ပါတယ်။ တကယ့် စုံပေ့စေ့ပေ့ စာအုပ်ကြီး။
ဒါနဲ့ ကောင်ကြီးဂျက်ဟာ သူ့ စာအုပ်ကြီးကို ကျယ်ကျယ် ပြန့်ပြန့် အသုံးချနိုင်ဖို့ အခြေ အနေတစ်ခုကို ရရှိလိုက်တယ်။ အဲဒါ ကတော့ သူနေတဲ့နိုင်ငံရဲ့ ဥပဒေအရ သူစစ်မှုထမ်းဖို့ဖြစ်လာတယ်။ သူ စစ်မှုထမ်းရမယ့် တပ်က “လေတပ်” မှာ ပါ။ တကယ်စစ်မှုထမ်းရပြီး စစ် ဆင်ရေးထွက်ရပြီဆိုတော့လည်း သူက သူ့စာအုပ်ကြီး ယူသွားတာပါပဲ။ သူ့စာအုပ်ကြီးထဲမှာ လေထီးခုန်ချ နည်းတွေလည်း ပါတာပဲလေ။ ဒီ တော့ သူအေးအေးဆေးဆေးပေါ့။ သူ့စာအုပ်ကြီးကြောင့်ပဲ ရန်သူ့နယ် မြေထဲ လေထီးခုန်ချရမှာကိုပဲ ဘောစတန်ဆိပ်ကမ်းကနေ သိပ် မပွန်းသေးတဲ့ တစ်လက်ကိုင် ခပ် ချောချောကောင်မလေး တစ်ပွေနဲ့ လရောင်ဆမ်း သဘောင်္စီးထွက် ရသလို သူသဘောထားပါတယ်။ ဒီလိုနဲ့ လေထီးခုန်ချဖို့ သတ်မှတ်ထားတဲ့နေရာ သူတို့လေယာဉ်ရောက်လာ တယ်။ ဟောတစ်ယောက် ဟော တစ်ယောက် လေထီးခုန်ချသွားကြ တယ်။ သူက ချက်ချင်းခုန်မချဘဲ စာအုပ်ထဲက “ရန်သူ့နယ်မြေအတွင်း လေထီးခုန်ချနည်း”ဆိုတဲ့ အခန်းကို ရှာဖွေဖတ်ရှုနေတယ်။ ပြီးတော့
စာအုပ်ကြီးအညွှန်းအတိုင်းပဲ သူ ခုန်ချလိုက်တယ်။ အိုကေတယ်။ အေးဆေးပဲ။ “စိန့်ဂျွန်း”ဟာ အရာရာသိဖို့ ဘုရားသခင်ဆီက ဗျာဒိတ်ရခဲ့ သလိုသူလည်း အရာရာ အေးဆေး ဖြစ်ဖို့ ဘုရားသခင်ဆီက စာအုပ်ကြီးရခဲ့တယ်လို့ပဲ ယူဆတယ်။
ကောင်ကြီးဂျက်က မြေပြင်ကို လှမ်းကြည့်လိုက်တော့ သူနဲ့အတူ လေထီးဆင်းလာသူတွေအားလုံး မြေ ပြင်ရောက်ကုန်တာ တွေ့လိုက်ရ တယ်။ သူ့လေထီးကတော့ ကောင်း ကင်မှာဝဲတုန်း။ ဒီအချိန် ရုတ်တရက် ရာသီဥတုဖောက်ပြီး လေပြင်းတွေ တိုက်ခတ်လာတယ်။ လေထီး လမ်း ကြောင်းလည်း ပြောင်းသွားတယ်။ ဂျက် အရေးမစိုက်ဘူး။ သူ့စာအုပ် ထဲမှာ “ရန်သူ့နယ်မြေအတွင်း လေထီးခုန်ချစဉ် လေပြင်းကြောင့် လေထီးလမ်းကြောင်း ပြောင်းသွားပါက ဤအတိုင်းပင် ဆောင်ရွက်ပါ” ဆိုတဲ့ အချက်ဖတ်ပြီး ညွှန်းတဲ့အတိုင်းလုပ် တော့ ပြီးသွားရော။
ကောင်ကြီးဂျက် မြေပြင်ကို အကဲခတ်လိုက်တယ်။ အောက်မှာ သစ်တောပါတဲ့ ကုန်းမြေတွေ၊ ဘေး ဖယ်ပြေးနေပြီး အပြာရောင် လွင် ပြင်ကြီး တဖြည်းဖြည်း မြင်ကွင်းထဲ တိုးဝင်လာနေတာကို သူတွေ့ရ တယ်။ ဟိုက် .. ပင်လယ်ပဲ။ ဂျက် တန့်သွားတယ်။ သူရေမကူးတတ်ဘူး။ ဒါပေမဲ့ သူသတိကောင်းပါတယ်။ စာအုပ်ကြီးထဲက “ရန်သူ့နယ်မြေ လေထီးခုန်ဆင်းစဉ် လေလမ်း ကြောင်း ပြောင်း၍ ပင်လယ်တွင် ရောက်သော် အောက်ပါအတိုင်း ပြုလုပ်ပါ” ဆိုတဲ့အခန်းကို ရှာဖတ်ဖြေ ရှင်းရင်ရမယ်ဆိုတာ သူသိတယ်။ သိတဲ့အတိုင်းလည်းလုပ်တယ်။ အိုကေတာပဲ။ တစ်ဆက်တည်းမှာပဲ “ရန်သူ့နယ်မြေလေထီးခုန်ဆင်းစဉ် ပင်လယ်ထဲရောက်ပါက ပင်လယ် တွင် အသက်ရှင်အောင်နေနည်း” ဆိုတာကို သူဆက်ဖတ်လိုက်တယ်။ ပြီးတော့ ပင်လယ်ရေချို အောင်လုပ်နည်း ဆက်ဖတ်လိုက်တယ်။ ပင် လယ်ရေကို ပေါင်မုန့်ဖြစ်အောင်လုပ် နည်းလည်း လိုလိုမယ်မယ် ဆက်ဖတ်လိုက်တယ်။ စာကျေနေအောင် ဖတ်ထားမှ တော်ကာကြမယ်။ စာလည်းမကျေ၊စာလည်းမသွားရင် ခေါင်းစဉ်ရှည်တာနဲ့တင် အသက်ပါသွားမယ် မဟုတ်လား။
လေထီးက ရေပြင်နဲ့ နီးကပ်လာပြီမို့ ကောင်ကြီးဂျက်ဟာ သူ့ကျောပိုးအိတ်ထဲက ခေါက်ထားတဲ့ ရော်ဘာလှေကို ဆွဲထုတ် မှုတ်လိုက်တယ်။ ပါးစပ်နဲ့၊ လှေဖြစ်သွားရော။ အဲဒီ တော့မှ သူဇိမ်ကျတော့တာကိုး။ ဒါပေမဲ့ ဇိမ်ကျတာ ကြာကြာမခံဘူး။ အစွယ်ပြူးပြူး ငါးမန်းကြီးတစ်ကောင် သူ့ရော်ဘာလှေရှိရာကို အပြင်း ကူးခတ်လာတာ သူတွေ့လိုက်ရတယ်။ သူ့စာအုပ်ကြီး အမြန်ကောက်လှန် စာအုပ်ထဲက “ရန်သူ့နယ်မြေအတွင်း လေထီးခုန်ချစဉ်လေလမ်းကြောင်း ပြောင်း၍ ပင်လယ်ထဲသို့ ကျပြီး ရုတ်တရက် ငါးမန်းရောက်လာလျှင်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မည်သို့ ပြုလုပ်ရမည်ဆိုတာ အကျယ်တဝင့် ပါတယ်လေ။ ငါးမန်းရဲ့ ကူးခတ်နှုန်း ကလည်း ပိုမြန်လာနေတယ်။ ကောင်ကြီးဂျက်လည်း ရော်ဘာလှေလေးပေါ် သူ့စာအုပ်ကြီးနဲ့သူ လုံးထွေးနေပြီး ငါးမန်းဆီကလာတဲ့ လှိုင်းကြောင့် မငြိမ်။ သူ့ကို ဝါးမျိုပစ် မယ့် ငါးမန်းကြီးရဲ့ပါးစပ်ကြီးတော့ သူ ထင်ထင်ရှားရှား မြင်နေရပြီ။ ဒီအချိန်မှာ ကောင်ကြီးဂျက်ဟာ သူရှာနေတဲ့ စာမျက်နှာကို တွေ့သွား တယ်။ ဒါနဲ့
” ရန်သူ့နယ်မြေအတွင်း လေထီးခုန်ချစဉ် လေလမ်းကြောင်းပြောင်း၍ ပင်လယ်ထဲကိုကျစဉ် ငါးမန်း … ငါးမန်း … ငါးမန်း …” ဝုန်းခနဲ အသံနဲ့အတူ ငါးမန်းက ကောင်ကြီး ဂျက်ရော သူ့ရော်ဘာ လှေကလေးရော ပင်လယ်အောက် ဆွဲယူပြီးပင်လယ်ရေပြင်ကိုလည်း အနီရောင်ပြောင်းပေးလိုက်သေးတယ်။ကောင်ကြီးဂျက်ခမျာ ခေါင်းစဉ် ပင် ဆုံးအောင် မဖတ်လိုက်ရ။
စောဘရန်ငြိမ်း