၂၀၂၂ ခုနှစ်တွင် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်လာသည့်အတွက် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က ပြောကြားခဲ့သည်။
ပုသိမ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှတာဝန်ရှိသူများတွေ့ဆုံစဉ် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေဒေသနှင့်ဆက်စပ်သော ခရီးစဉ်ဒေသများ၌ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာစေရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေဒေသများ၌ ပွဲတော်ကာလများအတွင်း ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်မှုအဆင်ပြေစေရေးနှင့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှစတင်ကာ ပိတ်ရက်များတွင် ပင်လယ်ကမ်းခြေဒေသများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အများဆုံးလည်ပတ်မှုရှိခဲ့သည်။
နိုင်ငံတွင်းမတည်ငြိမ်သောနေရာများကြောင့် အနောက်နိုင်ငံမှခရီးသွားဧည့်သည်များပြည်တွင်းသို့ လာရောက်လည်ပတ်မှုမှာ မရှိသလောက်နည်းပါးခဲ့သော်လည်း ယခုနှစ်ခရီးသွားရာသီတွင် အိမ်နီးချင်းထိုင်းနိုင်ငံမှ အများဆုံးလာရောက်မှုရှိခဲ့ကြောင်း သိရသည်။



