ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ကျောက်ဖြူမြို့ သို့ လေကြောင်း ခရီးစဉ် ပြေးဆွဲပေးမည် ဖြစ်ကာ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့လည်း လေကြောင်း ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့များမှ ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ပြေးဆွဲပေးရာတွင် ရခိုင်ပြည်နယ်ရှိိ ယင်းမြို့များကို ရက်သတ္တပတ်လျှင် သုံးရက် ပြေးဆွဲပေးမည် ဖြစ်သည်။
“ဧပြီ ၂၄ ရက်နေ့ က စပြေးဆွဲပေးမယ်၊ လက်မှတ်ဈေးနှုန်းကတော့ တစ်စောင်ကို ၆၃၀,၀၀၀ ကျပ် ကျသင့်ပါမယ်” ဟု ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ကိုလေကြောင်း လက်မှတ်ရောင်းချသည့်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ထို့အတူ လေယာဉ်လက်မှတ်အရောင်းဌာနများက သာ တိုက်ရိုက်ဝယ်ယူကြရန်လည်း သူက တိုက်တွန်းထားသည်။
လေယာဉ်ဆင်းသက်နိုင်ရန် မာန်အောင်လေယာဉ်ကွင်း စစ်ဆေးရေးအဖွဲ့သည်လည်း စစ်ဆေးမှုပြီးမြောက်ခဲ့သည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် မြန်မာ့အမျိုးသားလေကြောင်းကတာဝန်ရှိသူများ ကလေကြောင်းပျံသန်းပြေးဆွဲမှုကိုစီစဉ်ထားခြင်းလည်း ဖြစ်သည်။
ထို့အတူ တနင်္ဿာရီတိုင်း မြိတ်လေဆိပ်ကို အခြေပြုကာ ပြေးဆွဲပေးမည့် လေကြောင်းခရီးစဉ်သည်လည်း ရက်သတ္တပတ်လျှင် ၆ ရက်ဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
