ဦးကျော်မိုးထွန်းအားဒဏ်ရာရစေရန်(သို့) လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့သူရဲဇော်ဟိန်း အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ရာထူးမှ နှုတ်ထွက်သွားဖို့နဲ့ ငြင်းဆန်မယ်ဆိုရင် ဒဏ်ရာရအောင်သို့တည်းမဟုတ် သေဆုံးအောင် လုပ်ကြံကြဖို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အချို့ကို စစ်ဆေးနေတာမှာ မြန်မာနိုင်ငံသား တစ်ဦးက ဒီလိုကြံစည်မှုအတွက် သူ့မှာ အပြစ်ရှိတဲ့အကြောင်း ဒီဇင်ဘာ ၁၀ ရက်မှာ ဝန်ခံထွက်ဆိုခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ဝန်ခံထွက်ဆိုသွားတဲ့သူက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ရဲဟိန်းဇော်ဆိုသူဖြစ်ပြီး သူဟာ အခြားနှစ်ဦးနဲ့အတူ ဦးကျော်မိုးထွန်းကို ရာထူးမှနုတ်ထွက်စေဖို့နဲ့ ငြင်းဆန်မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တာ ဟုတ်တယ်လို့ ပြောဆိုထားတာရှိပါတယ်။
AFP သတင်း ဖော်ပြချက်တွေအရ လုပ်ကြံဖို့ ကြံစည်ခဲ့တဲ့ ရဲဟိန်းဇော်ဆိုသူဟာ အသက်၂၀ကျော်ခန့်ပဲ ရှိပါသေးတယ်။ သူတို့ဟာ ဦးကျော်မိုးထွန်းကို သြဂုတ်လထဲမှာ လုပ်ကြံဖို့အထိ ကြံရွယ်ခဲ့ကြပြီး တိုက်ခိုက်မှုအတွက် ဒေါ်လာငါးထောင်ပေးရန် သဘောတူခဲ့တာတွေရှိပါတယ်၊၊ဒီလို ကြံစည်မှုကို အမေရိကန် စုံစမ်းစစ်ဆေးရေး အရာရှိတွေက ဟန့်တားနိုင်ခဲ့တာဖြစ်ပါတယ်။
ရဲဟိန်းဇော်ကို လာမယ့် မေလထဲတွင် စီရင်ချက်ချဖို့ ရှိနေပါတယ်။
အမေရိကန်ကတော့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ပြည်ပသံတမန်တွေနဲ့ အစိုးရအရာရှိတွေ ဘေးကင်းလုံခြုံစေဖို့ အထူးအာရုံစိုက်နေတာရှိပါတယ်။