တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်းတို-က်ဖျ-က်ရေး ဝန်ကြီးအဆင့်အစည်းဝေးကို တရုတ်နိုင်ငံ ကူမင်းမြို့ ၌ နိုဝင်ဘာ (၁၄) ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများတို-က်ဖျ-က်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုကွန်ရက်များနှင့် ရာဇဝတ်ဂိုဏ်းများကို ပြတ်ပြတ်သားသားနှိမ်နင်းဖယ်ရှားရန်၊ အဆိုပါကွန်ရက်များ၌ ပိတ်မိနေသူများကိုကယ်ဆယ်ရန်၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အစည်းဝေး၌ ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
အဆိုပါ အစည်းဝေး၌ ဆက်သွယ်ရေးစနစ်နှင့် အွန်လိုင်းတို့ကို အသုံးပြုပြီး လိမ်လည်သောမှုခင်းများ တို-က်ဖျ-က်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာမဟာမိတ်အဖွဲ ပူးတွဲတည်ထောင်ရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသောနေရာများအားရှင်းလင်းဖယ်ရှားရေးနှင့် ပြည်နှင်လွှဲပြောင်းမှု တိုးမြှင့်ပြုလုပ်ရေး၊ အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေသော အဓိကနေရာများအား ပူးတွဲထိန်းချုပ်ရေးစသည့် ခေါင်းစဉ် ၃ ရပ်ဖြင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသော နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲဝင်များက အသီးသီးဝင်ရောက်ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
အစည်းဝေးသို့ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးယီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာကျိုဗန်ထန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ၊ လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာခမ်ကင်းဖီလာမနီဝုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ၊ ထိုင်းနိုင်ငံ၊ တော်ဝင်ရဲတပ်ဖွဲ၊ လက်ထောက်ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဇီရဘ်ဟော့ဘူရီဒတ်ချ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ၊ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ၊ ဒုတိယတပ်ဖွဲမှူး မစ္စတာဖန်မန်ထရုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၊ စင်ကာပူနိုင်ငံအခြေစိုက် အင်တာပိုလ်ရုံးခွဲနှင့် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဗဟိုဌာန (LMLECC) တို့မှ ကိုယ်စားလှယ်များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။
