နယ်စပ်ဒေသများအခြေပြု တရားမဝင်လုပ်ငန်းများတွင် ပါဝင်သူများကို ဖော်ထုတ်အရေးယူမှု ဆက်လက်ဆောင်ရွက်
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၈ ရက်အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခြင်း၊ ကာစီနိုလောင်းကစားဝိုင်းများ ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ အနှိပ်ခန်းနှင့် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်ခြင်းအပြင် အခြားတရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် အထောက်အထားမဲ့ နိုင်ငံခြားသား ၇၂,၆၁၉ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများအနက် အများစုမှာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း အခြေပြုလှုပ်ရှားနေသူများဖြစ်ပြီး ယင်းဒေသများတွင် ဖမ်းဆီးရမိမှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
စုံစမ်းဖော်ထုတ်မှုများအရ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများသည် ရှမ်းပြည်နယ်ရှိ နမ့်ခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ပန်ဆန်း၊ မိုင်းလားနှင့် တာချီလိတ်တို့အပါအဝင် တရုတ်-မြန်မာနယ်စပ်ဒေသများနှင့် ကရင်ပြည်နယ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး၊ မင်းလက်ပံနှင့် ဘုရားသုံးဆူ စသည့် မြန်မာ-ထိုင်းနယ်စပ်ဒေသများတွင် အဓိက အခြေပြုလုပ်ကိုင်ခဲ့ကြောင်း တွေ့ရှိရသည်။
ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသူ ၁,၁၆၄ ဦးသာ ရှိတော့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း အခြေမပြုနိုင်ရေးအတွက် ပြည်တွင်းသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်သာမက အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းညှိနှိုင်းကာ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
