ထိုင်းရဲတပ်ဖွဲ့သည် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် Miss Universe ၂၀၂၅ ပြိုင်ပွဲ၏ အငြင်းပွားဖွယ်ရာ မြှင့်တင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းမြှင့်တင်မှုတွင် ပြိုင်ပွဲဝင်များက ၎င်းတို့ တည်းခိုရာနေရာ၌ အွန်လိုင်းကာစီနိုများအား ထောက်ခံမြှင့်တင်သည့် ရုပ်သံများ ရိုက်ကူးခဲ့သည်ဟု စွပ်စွဲခံရပြီး ၎င်းလုပ်ရပ်သည် ထိုင်းဥပဒေအရ တရားမဝင်သော ကိစ္စ ဖြစ်ကာ၊ အိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို သိသာထင်ရှားစွာ ထိခိုက်ပျက်စီးစေသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် Miss Grand International Plc (MGI) ၏ စီအီးအို နှင့် (၇၄) ကြိမ်မြောက် Miss Universe Thailand Host Committee ၏ ဥက္ကဋ္ဌ ဖြစ်သူ Nawat Itsaragrisil အား တနင်္လာနေ့တွင် ဝပ်ဖယားခရိုင် (Wat Phaya Krai) ရဲစခန်းသို့ သက်သေထွက်ဆိုရန် ခေါ်ယူခဲ့ရာ၊ သူက Miss Grand International အနေဖြင့် အွန်လိုင်းကာစီနိုမြှင့်တင်မှုတွင် လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုအပြီးတွင် (၇၄) ကြိမ်မြောက် Miss Universe Thailand Host Committee က မိမိတို့အနေဖြင့် ၎င်းလုပ်ငန်းများ သို့မဟုတ် အွန်လိုင်းကာစီနိုနှင့် သက်ဆိုင်သော မည်သည့်ကြော်ငြာပုံစံမျိုးတွင်မှ ကုမ္ပဏီအနေဖြင့် လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
