အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို လူမှုရေးပွဲတွေမှာ နားကြပ်တဖက်အမြဲတပ်ရက်တွေ့ရတတ်ပြီး အာရုံမများဘဲ စိတ်ကိုအတတ်နိုင်သမျှစုစည်းဖို့ ကြိုးစားတည်ဆောက်နေသူအဖြစ် ထူးဆန်းစွာတွေ့လေ့ရှိပါတယ်။ သူကတော့ ဒေါက်တာနိုင်ထွဋ်အောင်ပါ။ ဒေါက်တာ နိုင်ထွဋ်အောင်နဲ့ ဒေါက်တာ ဝေဝေရင်တို့ မောင်နှံရဲ့ အောင်မြင်မှုကိုသတိထားမိတဲ့အဝန်းအဝိုင်းက ဒါန၊ သီလ၊ ဘာဝနာနဲ့ဆက်စပ်တဲ့အသိုင်းအဝိုင်းကသာ ပိုသိကြမယ်ထင်ပါတယ်။
သူတို့ကို ကိုဗစ်ထဲကမတွေ့မိရာကနေမန္တလေးငလျင်ကြီးကြောင့် ပြင်ဆင်မွမ်းမံနေရတဲ့ မဟာမြတ်မုနိဘုရားကြီးမှာ အလှူငွေလာလှူတော့မှ ပြန်မြင်ရတာပါ။ ဘုရားကြီးကိုလှူတဲ့အလှူကျမှ လူပြောများလာပေမယ့် ဒီ့ထက် လောဘဖြုတ်တဲ့ အလှူကြီးတွေဖြစ်တဲ့ စာသင်ကျောင်း ၂၀ ကျော်၊ သဘာဝတရားရိပ်သာက အဆောက်အဦးကြီးတွေ၊ နာဂစ်အလှူ၊ ကိုဗစ်အလှူ၊ ငလျင်အလှု၊ CSR တွေဖြစ်တဲ့ သကြားစက်ရုံဝန်းကျင်က ကြံတောင်သူမိသားစုတွေအတွက် အများကြီးလုပ်ခဲ့သူမို့ သူတို့မိသားစု ကုသိုလ်တွေပြန်နွေးရင်း စကားပြောဖြစ်ကြပါတယ်။
စွမ်းအင်တွေအကုန်သုံးပြီး အတ္တကိုမွေးမြူထားတဲ့ အစွန်းရောက်ကြိုးစားမှုတွေ၊ ဘဝနဲ့ရင်းခဲ့တဲ့ စိတ်ရဲ့ပြောင်းလဲမှုဖြစ်စဥ်တွေ၊ ဘဝကိုအနိုင်နဲ့ ပိုင်းချင်သူတစ်ယောက်ရဲ့ ရပ်တန့်မှုအချိန်အခါ ရွေးချယ်ပုံတွေဟာ စိတ်ဝင်စားစရာမို့လူတွေမသိသေးတဲ့အကြောင်းတွေ ပြောပြနိုင်ဖို့စကားဝိုင်းကနေ အင်တာဗျူးအဖြစ် ကောက်နုတ်တင်ဆက်လိုက်ပါတယ်။
ဒေါက်တာနိုင်ထွဋ်အောင်၏ ကိုယ့်ကိုယ်ကို ရှုမြင်သုံးသပ်ချက်
Question – (1) အရင်လိုအလုပ်တွေအများကြီးမလုပ်တော့ဘူး ကြားပါတယ်။ ဘာဖြစ်လို့ ပင်စင်ယူသလောက်နီးပါးအလုပ်တွေကိုရပ်ဖြစ်သွားတာပါလဲ
Answer – (1) ကျွန်တော့်ရဲ့အလုပ်တွေထဲကအချိန်အများဆုံးပေးခဲ့ရတဲ့ ဝန်ကြီးဌာနတွေကိုပစ္စည်းရောင်းတဲ့အလုပ်တွေ ရပ်တဲ့အကြောင်းပြောရရင် နဲနဲတော့ရှည်ပါတယ်။
ကျွန်တော့်ကို ကျွန်တော်အရင်းအတိုင်းပြောရရင် ကျွန်တော်ဟာအင်မတန်ဒေါသကြီးတဲ့လူတစ်ယောက်ပါ။ ဘာလုပ်လုပ်နိုင်ချင်တယ်။ အောင်မြင်ချင်တယ်။ အဲဒီတော့အင်မတန်စိတ်ဖိစီးမှု များပါတယ်။
ကျွန်တော်နဲ့ ရေလုပ်ငန်းလုပ်ဖော်ကိုင်ဖက် ဆွီဒင်ကုမ္ပဏီ ဘော့စ်ကသူ့အသက် ၅၅ နှစ်မှာစပြီးအနားယူမယ်လို့ပြောပါတယ်။ အဲဒါကြားတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ အသက် ၅၅ နှစ်မှာနားဖို့ဆိုတဲ့စိတ်ကူးကို ၂၀၀၂ ခုနှစ်မှာစပြီးတော့စိတ်ကူးဖြစ်ပါတယ်။
နောက်ဒုတိယတချက်ကတော့ ကျွန်တော့်ရဲ့ဇနီးသည်ပါပဲ သူကတော့ အချိန်ပြည့်လိုလို ကျွန်တော့်ကို အလုပ်ကနေအနားယူဖို့အတွက် အမြဲတမ်းတိုက်တွန်းနေတာပါ။
တတိယတချက်ကတော့ ၂၀၁၆ မှာ ကျွန်တော်နှလုံးသွေးကြောတစ်ချောင်းပိတ်တော့ stent တခုထည့်ထားရပါတယ်။ ကျန်းမာရေးပေါ်မှာမူတည်ပြီးတော့ ကျွန်တော်အလုပ်ကနေ အနားယူဖို့၊ အလုပ်လျှော့ဖို့အတွက် အလေးနက်ဆုံးစတင်ပြင်ဆင်တဲ့အချိန်ပါ။
၂၀၁၇ ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်အမျိုးသမီးရဲ့ကျန်းမာရေးပါ ချွတ်ယွင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော်စပြီးတော့မှ စောစောအနားယူဖို့အတွက်ဆုံးဖြတ်ချက်ကျသွားပါတယ်။ ဆုံးဖြတ်ချက်ကျသွားတာနဲ့အတူ အနားယူဖို့ ၂၀၁၉ မှာလုပ်ငန်းစပါတယ်။
အရှိန်အဟုန်နဲ့ လည်ပတ်အောင်မြင်နေတဲ့ Institution ကုမ္ပဏီတစ်ခုကနေ ချက်ခြင်းအနားယူဖို့ဆိုတာ ကုမ္ပဏီရဲ့ကိစ္စအဝဝကို အသေးစိတ်စီမံခန့်ခွဲ (Micro Management) လုပ်ခဲ့တဲ့အတွက်သာမက အခြားအခက်အခဲတွေပါရှိနေတဲ့အတွက် ထပ်ပြီးအချိန်ယူခဲ့ရပါတယ်။ ကုမ္ပဏီရဲ့ဌာနအသီးသီးကို ကျွန်တော်မပါဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ ဌာနလိုက် သီးခြားခေါင်းဆောင်တဲ့သူတွေရှိဖို့ ဌာနတွေရဲ့အပေါ်မှာ MD၊ CEO အနေနဲ့ ဦးဆောင်နိုင်ဖို့အတွက် လူတွေကိုရွေးချယ်ရပါတယ်။
ကျွန်တော့်လုပ်လက်စအလုပ်တွေနဲ့ ကုမ္ပဏီရဲ့ရှယ်ယာတွေကိုလွှဲပြီးချိန်မှာ နောက်လူတွေက ကတိမပျက်အဆုံးသတ်ပေးကြဖို့ကလဲ အရေးကြီးတာကိုး။ ကုမ္ပဏီထဲကနေပြီးတော့မှ သင့်တော်တဲ့လူအားလုံးကို ကျွန်တော်ရွေးချယ်လို့မရတော့ ကုမ္ပဏီပြင်ပကနေ သင့်တော်တဲ့လူတချို့ကိုပါ ကျွန်တော်ရွေးချယ်ရပါတယ်။ အဲဒီရွေးချယ်ထားတဲ့လူတွေအားလုံးကို သူ့ဌာနနဲ့သူ အသီးသီးဦးဆောင်နိုင်ပြီဆိုတဲ့အချိန်မှာတော့ ကျွန်တော်အနေနဲ့ကအဆင်သင့်ဖြစ်ပြီလို့ပြောလို့ရပါတယ်။
အလုပ်တွေကနေ နားရတဲ့နောက်ထပ်အချက်တခုကတော့ မရှုံးချင်တဲ့၊ နိုင်ချင်တဲ့ကျွန်တော့်စိတ်ကြောင့်ပါ။ကျွန်တော်အနားယူတဲ့အချိန်ဟာ အလုပ်မှာအအောင်မြင်ဆုံးအချိန်လို့ ပြောလို့ရပါတယ်။ အဲလိုအချိန်မှာအနားယူစွန့်လွှတ်လိုက်တဲ့အခါ၊ ပြိုင်တာတွေမရှိတော့တဲ့အတွက် ကျွန်တော်မရှုံးနိုင်တော့ပါဘူးဆိုတဲ့ ကျေနပ်စိတ်ကလေးလဲတပိုင်းတစပါပါလိမ့်မယ်။ အဲဒီ့အချိန်မှာပဲကိုဗစ်19 စဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အကောင်းဆုံးဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက် နောက်ဆုံးတွန်းအားပေးလိုက်တဲ့ အဖြစ်အပျက်ပါပဲ။
ကိုဗစ်ကြောင့် နိုင်ငံခြားရောက်နေချိန် lockdown မိပြီး အာရုံတွေနည်းသွားတဲ့အချိန်မှာ အလုပ်လုပ်နေစဉ်ဖြစ်ခဲ့တဲ့စိတ်တွေကို ပြန်ကြည့်မိတယ်။ ကျွန်တော်က အလုပ်လောဘကြီးတယ်။ ဘာပဲလုပ်လုပ် နိုင်ချင်တယ်။ အစပိုင်းမှာ နိုင်နေရင် ပျော်တယ်။ နောက်ပိုင်းမှာ နိုင်တိုင်းမပျော်တော့ဘူး။ တခါတလေရှုံးရင် အင်မတန်ဒေါသထွက်တယ်။ တင်ဒါတွေနိုင်ပြီးရင်လဲ ရောက်အောင်ပို့ဖို့၊ ပစ္စည်းဖိုး ငွေချေဖို့၊ ဒီရောက်ရင်လဲ ပစ္စည်းဖိုးတွေရဖို့။ တခါတလေပစ္စည်းဖိုးကမရသေးပေမဲ့ နောက်တင်ဒါကထပ်ထွက်နေပြီ။ ဒီသံသရာမှာလည်နေတာ။ နိုင်လို့ရတဲ့ကျေနပ်မှုနဲ့ ပျော်ရွှင်မှုက နည်းသထက်နည်းလာပြီး မကျေနပ်မှုတွေ၊ အားမလိုအားမရစိတ်တွေ၊ ဒေါသစိတ်တွေပဲ၊ နိုင်ချင်တဲ့လောဘစိတ်တွေပဲ ပိုများလာတာကို သတိထားမိလာတယ်။ နိုင်ဖို့ရာအတွက်ဆို ဘာပဲဖြစ်ဖြစ်လုပ်ဖို့ရာ အဆင်သင့်ဖြစ်နေတဲ့ ကိုယ့်စိတ်ကိုကိုယ် ပြန်မြင်သွားတဲ့အခါ တော်တော်ကြောက်သွားမိတယ်။
တချိန်ထဲမှာပဲ အလုပ်တွေရပ်ဖို့ဆိုတဲ့စိတ်က ပိုပိုပြီးအရှိန်ရလာပါတယ်။ ကျွန်တော်က ဒေါသအင်မတန်ကြီးတဲ့သူဆိုတော့ သူများထက်ပိုပြီးပူလောင်ခဲ့တာပေါ့။ အဲဒီလိုပြင်းထန်လောင်မြိုက်နေတဲ့စိတ်တွေကို လွှတ်ချပစ်ပြီးပဲ နေချင်တော့တာပါ။
ကုမ္ပဏီရဲ့လုပ်လက်စအလုပ်တွေကို နောက်လူတွေကတိမပျက်ဖို့ သေချာအောင်စီစဉ်ပြီးချိန် ၂၀၂၀ မတ်လကုန်ဧပြီလဆန်း သင်္ကြန်မတိုင်ခင်မှာ ကျွန်တော်သက်ဆိုင်ရာအကြီးအကဲကို ကျွန်တော် ၂၀၂၀ စက်တင်ဘာလကုန်မှာ အနားယူလိုတဲ့အတွက် ခွင့်ပြုပေးဖို့အကြောင်းကို သတင်းပေးပို့ခဲ့ပါတယ်။ သက်ဆိုင်ရာအကြီးအကဲ သိရှိခွင့်ပြုပြီးတဲ့နောက်မှာတော့ ကျန်တဲ့ဥပဒေပိုင်းအရ လုပ်ဆောင်စရာရှိတာတွေ၊ လွှဲပြောင်းစရာရှိတာတွေ ဆက်လုပ်ရပါတယ်။
၂၀၂၀ အောက်တိုဘာအချိန်မှာတော့ ကျွန်တော်သကြားစက်တွေ ငှါးရမ်းလည်ပတ်နေတာရယ်၊ ကြံစိုက်ပျိုးရေးလုပ်ငန်းရယ်ကလွဲလို့ ကျန်တဲ့အလုပ်တွေအားလုံးကိုရပ်ခဲ့ပါပြီ။ လက်စသတ်ခဲ့ပါပြီ။ ယှဉ်ပြိုင်မှုတွေအားလုံးကို စွန့်လွှတ်ခဲ့ပါပြီ။
Question – (2) ခုလိုအလုပ်က နားဖို့ရာအတွက်က ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကို လွှဲလိုက်ယုံနဲ့ မပြီးဘူးလား? ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကိုပါ စွန့်လွှတ်ဖို့ လိုသလားဆိုတာကို မေးပါရစေ။
Answer – (2) ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုအပေါ်ကိုပါ စွန့်လွှတ်လိုက်တဲ့ အဓိကအကြောင်းရင်းက ကျွန်တော့်ရဲ့ အတ္တကြီးလွန်းမှုကို မြင်လို့ပါ။ ငါပိုင်တဲ့ဟာဆိုတဲ့စိတ်က ရှုံးနိမ့်မှုကို လက်ခံနိုင်မှာမဟုတ်တော့ တချိန်မဟုတ် တချိန်မှာ ပြန်ပြီးပါဝင်ပတ်သက်သွားမှာကို စိုးရိမ်လို့ပါ။ ကျွန်တော့်ဘဝတလျှောက်လုံးမှာ All or None law နဲ့ပဲ သွားခဲ့တာဆိုတော့ ဒါမှပဲဖြစ်မှာပါ။
Question – (3) အလုပ်လုပ်ခဲ့စဥ်တုန်းက တွန်းအားတွေ ဘယ်လိုထည့်ပါလဲ။
Answer – (3) ကျွန်တော်စပြီး အလုပ်လုပ်တဲ့အချိန်မှာ အထူးသဖြင့် ကျွန်တော့်အကိုနဲ့ လမ်းခွဲပြီး ကိုယ့်ဟာကိုယ် လမ်းသစ်ထပ်ဖောက်ပြီး ပြန်စတဲ့အချိန်မှာ တွန်းအားတွေကတော့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သားတွေပါ။ အဲဒီအချိန်သားငယ်က ကိုယ်ဝန်နဲ့ပဲ ရှိပါသေးတယ်။ သူတို့ရဲ့အနာဂတ် ကျွန်တော်တို့ရဲ့အနာဂတ်တွေအားလုံးက ကျွန်တော့်အပေါ်မှာပဲရှိနေတာကိုး။ တခါတလေ အင်မတန်စိတ်ဓါတ်ကျရတဲ့အခြေအနေပဲဖြစ်ဖြစ်၊ နံရံကိုခေါင်းနဲ့ ပြေးတိုက်လိုက်ချင်တဲ့အချိန်ပဲဖြစ်ဖြစ်နဲ့ ကြုံတွေ့လာခဲ့ရင်ပဲ ကျွန်တော်ဇနီးနဲ့ သားတွေရဲ့မျက်နှာကို ပြန်ပြီးမြင်ယောင်မိပါတယ်။ သူတို့ကကျွန်တော့်အတွက်တော့ အားဆေးတွေပါပဲ။
အဲဒီလိုအချိန်မှာ ကျွန်တော့်အပေါ်မှာရှိတဲ့ ကျွန်တော့်ဇနီးရဲ့ယုံကြည်မှုတွေ ကျွန်တော့်ဇနီးရဲ့နားလည်မှုတွေ သည်းခံမှုတွေ အားပေးမှု၊ တိုင်ပင်မှုတွေက ကျွန်တော်အတွက်အင်မတန်မှ အင်အားတွေဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင်ငယ်ငယ်ကတည်းက ကျွန်တော့်အမေက ကျွန်တော့်အပေါ်မှာ ရိုက်သွင်းခဲ့တဲ့ မင်းလုပ်နိုင်တယ်ဆိုတဲ့စိတ်ဓါတ်ရယ်၊ နောက်တစ်ခုက ကျွန်တော့်အဖေရဲ့ ဘာကိုမှမကြောက်ဖို့ နောက်မတွန့်ဖို့ အမြဲတမ်းသင်ပေးခဲ့တာအပြင်၊ အခက်အခဲတိုင်းကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းဖို့ တိုက်တွန်းခဲ့တာတွေက ကျွန်တော့်အပေါ်မှာ အင်မတန်မှ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ဒီတိုက်တွန်းမှုတွေက ကိစ္စအားလုံးအတွက် အမြဲတမ်းမမှန်ကန်ခဲ့ပေမယ့် ကျွန်တော့်အတွက်တော့တွန်းအားတွေပါ။
နောင် အောင်မြင်လာတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့တွန်းအားကတော့ ကျွန်တော့်ရဲ့အလေ့အကျင့်တွေ ဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ်ပြန်ပြီး Pressure အမြဲပေးထားပါတယ်။ ကျွန်တော့်နာရီကို အရင်က ၁၅ မိနစ် အမြဲမြန်ထားပါတယ်။ ချိန်းထားတဲ့အချိန်မတိုင်ခင် ရောက်ချင်ပါတယ်။ အလုပ်တခုစပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ဝန်ထမ်းတွေကို အမြဲတမ်းပြောလေ့ရှိတဲ့စကားတစ်ခွန်းကတော့ ကျွန်တော်ဒီအလုပ်ကို မနေ့ကပြီးချင်တယ်ဆိုတဲ့စကားပါပဲ။
နောက်ဆုံးတွန်းအားကတော့ ဘာလုပ်လုပ်နိုင်ချင်စိတ်ပါပဲ။ ဒါတွေအားလုံးက ကျွန်တော့်အတွက် တွန်းအားတွေဖြစ်ပါတယ်။
Question – (4) အဲ့ဒီခွန်အားတွေက တရားအားထုတ်တဲ့အခါ ဘယ်လိုအထောက်အပံ့ပေးပါသလဲ။ ဘယ်လိုအတားအဆီးတွေရော ဖြစ်စေပါလဲ။
Answer – (4) တရားအားထုတ်ဖို့ ကြိုးစားနေတယ်လို့ပဲ ပြောပါရစေ။ အလုပ်နဲ့ပတ်သက်တဲ့ ခွန်အားတွေက မိသားစုနဲ့ပတ်သက်တဲ့ တွယ်တာမှုတွေ attachment တွေကြောင့်ဘဲ ဒီခွန်အားတွေရခဲ့တာပါ။ ကိုယ့်စိတ်ကို ကြိုးစားစောင့်ကြည့်တဲ့အချိန်မှာတော့ ဒါတွေကိုပိုပြီး ထင်ထင်ရှားရှားသိလာရပါတယ်။ ဒီတွယ်တာမှုအပေါ်မှာ ကိုယ့်ရဲ့လိုချင်စိတ်၊ ဖြစ်ချင်စိတ်တွေကို ပိုပြီးမြင်လာပါတယ်။ တွယ်တာမှုကနေ ဆင့်ပွါးလာတဲ့ဖြစ်ချင်စိတ်တွေ၊ လက်မခံနိုင်မှုတွေ၊ လက်ခံလိုမှုတွေ ဒါတွေရဲ့အကြောင်းရင်းတွေကို ပိုမြင်လာပါတယ်။ အကြောင်းရင်းတွေကို ပိုမြင်လာတာနှင့်အမျှ မိသားစုနဲ့ ပတ်သက်ပြီး အရှိတရား၊ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအားလုံးကို ပိုပြီးလက်ခံနိုင်လာပါတယ်။ ပထမပိုင်းမှာတော့ အတားအဆီးလိုမြင်ခဲ့ပေမယ့် ကြိုးစားပြီး စိတ်ရှည် လက်ရှည်စောင့်ကြည့်ရာမှာတော့ ဒီတွယ်တာမှုတွေဟာ အတားအဆီးလည်းမဟုတ်တော့ဘဲ သိနားလည်စရာတခုအနေနဲ့ အထောက်အပံ့ဖြစ်နေပါတယ်။
နောက် ကျွန်တော့်ရဲ့ တခြားတွန်းအားတွေဖြစ်ခဲ့တဲ့ ငါလုပ်ရင်ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်တွေ၊ ဘယ်အလုပ်ကိုမဆို မနေ့ကတည်းက ပြီးချင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ ဒီစိတ်ဓာတ်တွေအားလုံးဟာ ကိုယ့်စိတ်ကို ကိုယ်စောင့်ကြည့်တဲ့အချိန်မှာတော့ အထောက်အပံ့ရတာလို့လည်း မဟုတ်ပါဘူး။ အတားအဆီးဖြစ်နေတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ စိတ်ရှည်လက်ရှည်စောင့်ကြည့်စရာကိစ္စတွေ၊ ပြီးတော့ ကျွန်တော်နားလည်ရမယ့် အကြောင်းတရားတွေလို့ပဲ သဘောထားမိပါတယ်။
အခုလောလောဆယ်မှာတော့ ချစ်ခြင်းတွေ မုန်းခြင်းတွေ၊ ကြိုက်ခြင်းတွေ မကြိုက်ခြင်းတွေကို အချိန်ပြည့်မြင်နိုင်အောင်၊ သတိထားနိုင်အောင်၊ ကျွန်တော်တတ်နိုင်သမျှ ကြိုးစားနေပါတယ်။
Question – (5) လူငယ်တွေအတွက် လုပ်ရမှာတွေ၊ မလုပ်သင့်တာတွေ မျှဝေချင်တာ ရှိပါလား။
Answer – (5) လူငယ်တွေအနေနဲ့ ကိုယ့်စိတ်ကို ကိုယ်တတ်နိုင်သမျှစုစည်းပြီး ကိုယ့်စိတ်ကို ကိုယ်အရင်းအတိုင်း ဟန်မဆောင်ဘဲနားလည်အောင် ကြိုးစားစေချင်ပါတယ်။ ကောင်းတဲ့အချက်တွေ၊ ဆိုးတဲ့အချက်တွေကို အရင်းအတိုင်းမာနတက်ခြင်းလည်းမရှိ၊ အပြစ်လဲမတင်ဘဲ လက်ခံစေချင်ပါတယ်။ ကိုယ့်ဟာကိုယ်ပိုပြီး နားလည်လာပြီးရင် ကိစ္စတိုင်းကိုဘက်တိုင်းဘက်တိုင်းကနေ မြင်နိုင်ကြည့်နိုင်နဲ့ နားလည်ခံစားနိုင်တဲ့ လူငယ်တွေဖြစ်ဖို့ ကြိုးစားစေချင်ပါတယ်။
ဒေါက်တာနိုင်ထွဋ်အောင်၏ လောဘစိတ်များလျှော့ချရာ ကွန်းခိုရာ
Question – (6) “ကွန်းခိုရာ” ဖောင်ဒေးရှင်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းဆောင်ရွက်ပုံကို သိရှိလိုပါတယ်။
Answer – (6) ကျွန်တော်တို့မိသားစု ဘာသာရေးလူမှုရေးအလှူတွေစပြီး လှူဒါန်းတဲ့အချိန်မှာ ကျွန်တော်ဘာကိုတွေးမိလဲဆိုတော့ ကျွန်တော်အခုလှူဒါန်းနေတာတွေအားလုံးက ကျွန်တော်တို့ရဲ့မိသားစုကနေပြီး နှစ်ဖက်မိဘတွေကို အမှူးထားပြီးကုသိုလ်အဖြစ် လှူဒါန်းနေတယ်ဆိုတာကို သတိပြုမိပါတယ်။ တကယ်တော့ ကျွန်တော်အခုလို လှူဒါန်းနိုင်တာဟာ ကျွန်တော်တို့မိဘတွေရဲ့ ကျေးဇူးတရားတွေတင်သာမက ကျွန်တော်တို့ကို ကျောင်းပညာသင်ကြားပေးခဲ့တဲ့ဆရာဆရာမတွေ၊ ကျွန်တော်တို့ကိုစီးပွါးရေး၊ ဘဝရပ်တည်ရေးမှာ နှုတ်အားဖြင့်ကိုယ်အားဖြင့်သင်ကြားကူညီခဲ့တဲ့ကျေးဇူးရှင်ဆရာသမားတွေ၊ နည်းအမျိုးမျိုးနဲ့ ကူညီသူ မိတ်ဆွေသူငယ်ချင်းတွေ၊ ဒါ့အပြင် ကျွန်တော့်တို့ရဲ့လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေ၊ ကျွန်တော့်တို့ရဲ့ စီးပွါးဖက်တွေ၊ အလှူရှင်တွေ၊ ကျွန်တော်တို့အေးအေးချမ်းချမ်းစီးပွါးရှာ အလုပ်လုပ်နိုင်အောင် အဖက်ဖက်ကကူညီစောင့်ရှောက်နေကြသူတွေကြောင့် အခုလို လှူဒါန်းနိုင်တာကိုသတိထားမိလာတဲ့အတွက် ကျွန်တော်တို့မိသားစုရဲ့ အလှူအနေနဲ့သာမက ကျွန်တော်တို့အပေါ်ကျေးဇူးရှိသူ၊ ကျေးဇူးရှင်အားလုံးရဲ့ ကုသိုလ်အနေနဲ့ လှူမယ်ဆိုတဲ့အနေနဲ့ ရည်ရွယ်လှူဒါန်းဖို့ ဒီကွန်းခိုရာဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ရခြင်း ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်တော့်ရဲ့ကြံတောင်သူတွေ၊ သကြားကုန်သည်တွေ၊ ကားသမားတွေ၊ ဆောက်လုပ်ရေးကုမ္မဏီကအဖွဲ့တွေသာမက သုံးစွဲသူတွေ၊ စားသုံးသူတွေပါ ပါတာပေါ့နော်။ အခုပြောခဲ့တဲ့ ကျေးဇူးရှင်တွေအားလုံးရဲ့ ကုသိုလ်အနေနဲ့ ရည်မှန်းပြီးလှူဒါန်းဖို့ ကွန်းခိုရာဖောင်ဒေးရှင်းကို ထူထောင်ရခြင်း ဖြစ်ပါတယ်။
Question – (7) အကူညီပေးရေးနဲ့ လှူဒါန်းမှုအပိုင်းတွေမှာ ဘယ်လိုသတ်မှတ်ချက်တွေ ထားရှိပါလဲ။
Answer – (7) ကျွန်တော်တို့အတွက်က အလှူအားလုံးလိုလိုကို သဒ္ဒါတရားကဦးဆောင်ပါတယ်။ သဒ္ဒါတရားရှိဖို့က အဓိကပါ။ ကျွန်တော်တို့က ကိုယ့်စိတ်ကိုကိုယ် အာရုံပြုတာများလို့ သဒ္ဓါတရားမထက်သန်ဘဲလှူတာမျိုး အင်မတန်မှရှားပါလိမ့်မယ်။ အဲဒါကြောင့် လှူဒါန်းကူညီရေးတွေမှာ စည်းမျဉ်းတွေ သတ်မှတ်ချက်တွေ အများကြီးမထားရှိပါဘူး။
ပညာသင်ဆုပေးတာနဲ့ပတ်သက်လို့တော့ သတ်မှတ်ချက်အနည်းငယ်နဲ့ စည်းကမ်းအနည်းငယ် ထားရှိပါတယ်။
ကွန်းခိုရာဖောင်ဒေးရှင်းရဲ့ တစ်ပြည်လုံးအတိုင်းတာနဲ့ ပတ်သက်ပြီး လုပ်ပေးနိုင်တာတွေက တော်တော်နည်းနေပါသေးတယ်။ ပညာရေးနဲ့ပတ်သက်ရင် တစ်ပြည်လုံးအတိုင်းအတာအရ ဘကကျောင်းတွေအပါအဝင် စာသင်ကျောင်း ၂၃ ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီအထဲမှာ စာသင်ကျောင်းအသေးလေးတွေက ၆ ကျောင်းလောက် ပါပါတယ်။
ပညာအင်မတန်ထူးချွန်တဲ့သူတွေ၊ ပညာထူးချွန်ပြီး ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် ချို့တဲ့သူတွေအတွက်ကိုတော့ ကျွန်တော်တို့ပညာသင်ဆုပေးနေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့စက်ရုံဧရိယာမှာတော့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ ကျွန်တော်တို့ရဲ့ကြံတောင်သူတွေရဲ့ သားသမီးတွေ၊ ကြံတောင်သူတွေရဲ့ နေ့စားဝန်ထမ်း (ဘောက်) တွေရဲ့ သားသမီးတွေ အဲ့ဒီကလေးတွေအကုန်လုံးထဲက ပညာထူးချွန်တဲ့သူတွေ သက်မွေးဝမ်းကြောင်းတက္ကသိုလ်တက်ရောက်သင်ကြားနိုင်တဲ့သူတွေအပြင် ပညာသိပ်မထူးချွန်သော်ငြားလည်း သက်မွေးဝမ်းကြောင်းသိပ္ပံကိုတက်ရောက်နိုင်တဲ့သူတွေကိုတော့ ပညာသင်ဆု ကျွန်တော်တို့ ချီးမြှင့်ပေးပါတယ်။
တက္ကသိုလ်ကောလိပ်တွေကို တစ်လကိုတစ်သိန်းရှစ်သောင်းနှုန်း၊ အသက်မွေးဝမ်းကျောင်းသိပ္ပံတွေကို တစ်သိန်းခြောက်သောင်းနှုန်းနဲ့ ကလေးတွေကျောင်းပြီးတဲ့အချိန်အထိ ထောက်ပါတယ်။
ပညာသင်ဆုပေးတဲ့နေရာမှာ ကလေးများအနေနဲ့ တောက်လျှောက်အတန်းစဉ်အောင်ဖို့တော့ လိုပါတယ်။ ပညာသင်ဆုရရှိသော်ငြားလည်း အတန်းတတန်းကျခဲ့လို့ရှိရင်တော့ အဲ့ဒီကျတဲ့နှစ်မှာ ကျွန်တော်တို့ပညာသင်ဆုပေးအပ်ခြင်း ခေတ္တရပ်တန့်သွားမှာပါ။ ကျတဲ့အတန်းပြန်အောင်သွားပြီးတဲ့အချိန်မှာတော့ ပညာသင်ဆုပြန်ပြီးပေးမှာ ဖြစ်ပါတယ်။
ကျန်တဲ့လှူဒါန်းမှုဆိုင်ရာနဲ့ ပတ်သက်လို့တော့ ကျွန်တော့်ဆီမှာ အထူးထွေထွေသတ်မှတ်ချက်တွေ မရှိပါဘူး။ သဒ္ဓါရှိရင်ရှိသလို ထက်သန်မှုအပေါ်မှာမူတည်ပြီး လှူဒါန်းတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘိုးဘွားရိပ်သာအတွက်ဆိုရင် သန်လျင်သဘာဝတရားရိပ်သာအတွက်ကို ၇ ထပ် အဆောက်အဦးတလုံး ဆောက်လှူခဲ့ပါတယ်။ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာအတွက်ဆိုရင် ဟို ၂၀၀၉ ခုနှစ်လောက် ၂ ထပ် အဆောက်အဦးတစ်လုံးနဲ့ ကားတစီး၊ ၂၀၁၇ လောက်မှာတော့ပေ ၁၃၀ × ၄၅ ပေ၊ ၄ ထပ် အဆောက်အဦးတစ်လုံးနဲ့ ကုတင်မွေ့ယာအပြည့်အစုံ ထည့်သွင်းဆောက်လှူထားပါတယ်။ အဲဒီ ၄ ထပ်အဆောက်အဦးမှာတော့ ခုထိဘိုးဘွားတွေအတွက် အသုံးမပြုသေးဘူး သိရပါတယ်။
နောက် မိဘမဲ့ကလေးတွေအတွက်တော့ ဘုန်တော်ကြီးသင်စာသင်ကျောင်းနဲ့ သီလရှင်သင်စာသင်ကျောင်းတွေမှာ လှူဒါန်းခဲ့ပါတယ်။ အဲတာတွေကတော့ ဘာသာရေးယုံကြည်ကိုးကွယ်မှုနဲ့ သံဃာတော်အနေနဲ့ ကြည်ညိုကိုးကွယ်မှုတွေနဲ့ မဆိုင်ဘဲ၊ မိဘမဲ့ကလေးတွေ၊ မိဘရှိသော်ငြားအဆင်မပြေကြလို့ ကျောင်းအိပ်ကျောင်းစားလာနေကြရသူတွေ အဆင်ပြေဖို့ ရည်စူးလှူဒါန်းခဲ့တာပါ။
ကျန်းမာရေးအတွက်တော့ ကိုဗစ်တုန်းက အသက်ရှူစက် Ventilator စုစုပေါင်း ၁၀၅ လုံး PPE ဝတ်စုံအစုံ လေး-ငါးသောင်းမကရယ်၊ Oxygen Concentrator က အလုံး ၂၀၀ လောက် ၊ Container type Oxygen ထုတ်တဲ့ စက်ရုံက ၇ ရုံ၊ Oxygen Tank ကြီးတခု၊ liquid Oxygen၊ COVID Vaccine အတွက် အလှူငွေသိန်း ၅,၀၀၀၊ နောက် မြောက်ဒဂုံကသီတဂူမျက်စိဆေးရုံအတွက် ခွဲစိတ်ခန်းသုံးပစ္စည်းအပြည့်အစုံ၊ မျက်စိဆေးရုံမြေအတွက် အလှူငွေ၊ အဆောက်အဦးတစ်ထပ်စာအတွက် အလှူစသဖြင့် လှူဒါန်းခဲ့ပါတယ်။ လက်ရှိမှာတော့ သန်လျင်သဘာဝတရားရိပ်သာမှာ ၆ ထပ်ဆေးရုံ ဆောက်နေပါတယ်။
Question – (8) ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ဘယ်လိုကနေစပြီး ခွန်အားရခဲ့တာပါလဲ။
Answer – (8) ပရဟိတလို့ပဲပြောပြော လူမှုရေးအလှူတွေကို စလုပ်တဲ့သူက ကျွန်တော့်အမျိုးသမီးပါ။ ကျွန်တော်တို့ သူငယ်ချင်းဘဝမှာကတည်းက သူကမိဘမဲ့ကလေးများဂေဟာကို ကြက်ဥနဲ့ အစားအသောက်တွေ သွားပြီးလှူလေ့ ရှိပါတယ်။ကျွန်တော်ကတော့ မိဘတွေရဲ့အလေ့အထအတိုင်း ဘိုးဘွားရိပ်သာတွေကို လှူလေ့ရှိပါတယ်။
ကျွန်တော်တို့ လက်ထပ်ပြီးတဲ့နောက်ပိုင်း ပထမဆုံးမှတ်မှတ်ရရ အကြီးဆုံးအလှူ၊ ဘဝမှာအပျော်ဆုံး အလှူက ၉၅-၉၆ ခု လောက်မှာ ရွှေတိဂုံဘုရားကို တစ်ရက်မိသားစုဘုရားသွားဖူးချိန်မှာ ထီးတော်ကြီး အသစ်တင်လှူဖို့အတွက် အလှူခံနေတာနဲ့ ကြုံတာ။ လင်မယားနှစ်ယောက် လှူချင်လိုက်တာလေ။ ဒါနဲ့ လက်ထဲမှာပါသမျှ ငွေအားလုံး (အဲဒီတုန်းက တစ်သိန်းတောင်မပြည့်ပါဘူး) အကုန်လှူခဲ့တာ။ အားမရသေးတော့ ကျွန့်တော်တို့လက်ထပ်လက်စွပ်ပါ ချွတ်လှူခဲ့တာ။ အိမ်ပြန်ရောက်တဲ့အထိ လှူရတာအားမရသေးတော့ ကျွန်တော့်မိဘတွေဆီကနေပါ ငွေချေးပြီး ထီးတော်ဒေါင့်ဖြည့်တခုစာကို နောက်ရက်ပြန်လာပြီး လှူခဲ့ကြတာ။ အဲဒီတုန်းကလှူရတာကို ကျွန်တော်တို့နှစ်ယောက် ပျော်တာဆိုတာ တစ်ပတ်၊ ဆယ်ရက်လောက်ကြာတယ်။ ကြက်သီးတွေကို ထလို့။ ကိုယ်ကမပြည့်စုံတဲ့ကြားကနေ လှူလိုက်ရတဲ့အပေါ်မှာ ကျေနပ်အားရနေခဲ့တာ။ အဲဒီလို အဖေအမေတို့ အကြွေးတွေပြန်ဆပ်ပြီး တော့ ပထမဆုံးဘုန်းကြီးကျောင်း၊ မကြီးပါဘူး၊ ၃၆ ပေ ပတ်လည် ၃ ထပ်ကို ကျွန်တော့်အမျိုးသမီးရဲ့အမ ဒေါက်တာစန္ဒာရင် (မဆူဇီ) တို့မိသားစုနဲ့ တဝက်စီဆိုပြီး ဆောက်လှူဖြစ်ပါတယ်။ ရန်ကုန်တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှာပါ။
အဲ့ဒီတုန်းကလည်း လက်ထဲမှာရှိတာ ၁၀သိန်း ၁၅သိန်းလောက်ပဲ အပိုရှိတာ။ သူများအလှူနဲ့ အနည်းဆုံးတော့ တစ်ဝက်ပြီးမှာပဲဆိုပြီး ဆောက်လှူခဲ့တာ နောက်ဆုံးတော့ သပ်သပ်ရပ်ရပ်ကောင်းကောင်းမွန်မွန်နဲ့ ပြီးခဲ့ပါတယ်။အဲဒီတုန်းက ကိုယ်နေတဲ့အိမ်ထက် ပိုကောင်းအောင် ဆောက်လှူနိုင်ခဲ့ပါတယ်။ အဲဒါပြီးတော့ အဲ့ဒီဆရာတော်ကြီးရဲ့ဇာတိ ဝက်လက်မှာ စာသင်ကျောင်းတစ်ဆောင်ကို ဘဝရဲ့ပထမဆုံး မူလွန်စာသင်ကျောင်း အလှူအနေနဲ့ ၂၀၀၂ ခုလောက်မှာ လှူခဲ့ပါတယ်။ နောက်ဆူနာမီ၊ မာလာမုန်တိုင်း စတဲ့သဘာဝဘေးအန္တရာယ်များမှာ လှူဒါန်းခဲ့ပါတယ်။
၂၀၀၈ နာဂစ်မုန်တိုင်းကတော့ တကယ့်မှတ်မှတ်ရရပါ။ မုန်တိုင်းပြီးပြီးချင်း ရန်ကုန်မြို့သစ် တောင်ဒဂုံ၊ အရှေ့ဒဂုံ (လို့ထင်တာပဲ) ဖက်မှာ နေ့စဉ်လို အစားအသောက်၊ ဆန်ဆီ၊ တာရပတ် အမိုးစသဖြင့် လှူခွင့်ခဲ့ရတော့ လူတွေရဲ့ အမောပြေ၊ ခဏတာပျော်သွားကြရတဲ့ မျက်နှာတွေတွေ့ရတဲ့အခါမှာ ဆက်ပြီးလှူဖို့အတွက် အင်အားတွေရပါတယ်။ ကိုယ်ပေးလို့ ပျော်သွားတဲ့သူတွေရဲ့ မျက်နှာကိုမြင်ရတာ အင်မတန်မှ စိတ်ကိုကြည်နူးစေပါတယ်။ အဲဒီ ကြည်နူးစိတ်က addicted ပါ၊ စွဲလမ်းစေပါတယ်။
မုန်တိုင်းအပြီး တစ်ပတ်လောက်အကြာ ဘိုကလေး၊ ဖျာပုံဖက်တွေ ရောက်သွားတဲ့အချိန် ပျက်စီးဆုံးရှူံးမှုတွေကိုတွေ့ရတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက်ရှိသမျှ လှူကြဖို့ ဖြစ်လာပါတယ်။ မုန်တိုင်းပြီး ၄-၅ လလောက်အထိ ရုံးကဝန်ထမ်းတွေနဲ့ အပတ်စဉ်စနေနေ့တိုင်း သွားလှူကြတာ။ ပြီးတော့ ရွာတွေမှာ လို့အပ်တဲ့လက်တွန်းလယ်ထွန်စက်တွေ ပြီးတော့ Stormshelter အနေနဲ့ အသုံးပြုဖို့ RC ခြေတန်ရှည်ဘုန်းကြီးကျောင်း လှူဖြစ်ခဲ့ပါတယ်။ စာသင်ကျောင်းက နှစ်ကျောင်းဆောက်လှူဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အပိုရှိသမျှအကုန်ပါပဲ။ သိန်းသုံးထောင်လောက် ဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းကလဲ ၄-၅ -၆လ လုံးလုံးလှူဖို့ ဇောတခုထဲပဲရှိပါတယ်။ စနေ တနင်္ဂနွေနေ့ကို သွားလှူနိုင်ဖို့ အင်္ဂါနေ့လောက်ကတည်းက ပစ္စည်းစု၊ ဖျာပုံကအသိဆရာဝန်ဆီက လိုအပ်နေတဲ့ရွာ၊ဒေသနေရာကို စနည်းနာပြီးလုပ်ခဲ့ကြတာ။
ကျွန်တော်ဒါတွေကို ဘာလို့ပြောနေလဲဆိုတော့ တခါတလေ အလှူအတန်းအတွက် သဒ္ဒါတရားတွန့်ဆုတ်တာပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေးကို စိတ်ပူတာပဲဖြစ်ဖြစ် ပြီးအောင်လုပ်နိုင်ပါ့မလားဆိုပြီး ချီတုံချတုံပဲဖြစ်ဖြစ်၊ ဖြစ်နေတိုင်းမှာ ငွေချေးပြီးတော့တောင်လှူခဲ့သေးတဲ့ အချိန်တွေ၊ လက်ထဲမှာငွေနည်းနည်းနဲ့ ရှိတာရဲ့၁၀ဆ၊ ၁၅ဆလှူနိုင်ခဲ့တဲ့အချိန်တွေ၊ အမျိုးသမီးအတွက် လက်ဝတ်လက်စားတောင် ပြည့်စုံအောင်မဆင်နိုင်သေးပေမဲ့ ရှိသမျှအပိုပိုက်ဆံအကုန်လှူနိုင်ခဲ့တာတွေကို ပြန်ပြန်တွေးပြီး လှူဖို့ရာ ခွန်အားတွေပြန်ယူရပါတယ်၊ ကြီးကြီးကျယ်ကျယ်ပြောရရင် ပရဟိတဆိုတဲ့လှူဒါန်းမှုတွေဆက်လုပ်ဖို့ ခွန်အားတွေ ရပါတယ်။
Question – (9) ပရဟိတနဲ့ ပတ်သက်လို့ ဘယ်သူတွေက ကိုယ့်ရဲ့ အတုယူစရာ ဖြစ်ခဲ့လဲ ။
Answer – (9) ကျွန်တော်တို့ကို ကျွန်တော်တို့ပရဟိတလုပ်နေတယ်လို့ ခုထိမထင်သေးပါဘူး။ တတ်နိုင်သမျှနေရာစုံမှာ လိုအပ်တယ်ထင်တဲ့နေရာတွေမှာ သဒ္ဒါတရားရှိရင်ရှိသလို လှူနေတဲ့သူလို့ပဲထင်ပါတယ်။ အဲဒီလိုပရဟိတလုပ်နေတယ်လို့ မခံယူထားတော့ ပရဟိတနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုအားကျအတုယူတယ်လို့ ပြောရခက်ပါတယ်။
စိတ်ထဲကမြင်ယောင်ထားတဲ့ စံပြပရဟိတပုဂ္ဂိုလ်တယောက်ကို ပုံဖော်ပြောရရင်တော့ ဘက်တွေမရှိတဲ့လူ၊ ဘာသာအစွဲ၊ လူမျိုးအစွဲတွေသာမက နိုင်ငံရေးကနေ လုံးဝကင်းပြီး ဆန္ဒစွဲသန့်သန့်နဲ့ အများအကျိုးကို ဆောင်ရွက်သူ၊ စိတ်ထဲမှာ Prejudice (စိတ်ထဲမှာ ကြိုတင်ဘက်လိုက်ဆုံးဖြတ်ထားမှု) ကင်းကင်းနဲ့ အများအကျိုးကို ဆောင်ရွက်နေသူတစ်ဦး၊ ကုန်ကုန်ပြောရရင် ငါစွဲကင်းလွတ်ပြီး အများအကျိုးဆောင်ရွက်နေသူတစ်ဦးကို စံပြအနေနဲ့ ပုံဖော်ချင်ပါတယ်။
လူသားတစ်ယောက်အနေနဲ့ ပြောရရင်တော့အေးချမ်းတဲ့လူ၊ မေတ္တာတရားကြီးမားတဲ့လူတွေကို အင်မတန် ကြည်ညိုအားကျပါတယ်။ ဥပမာဆိုရင် ပျံလွန်တော်မူပြီးသွားတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးလိုမျိုးကို အင်မတန် ကြည်ညိုအားကျပါတယ်။
ကိုယ်ကဒေါသအင်မတန်ကြီးသူ၊ ပူလောင်သူဆိုတော့ ဒေါသနည်းသူတွေ၊ အေးချမ်းသူတွေ၊ မေတ္တာတရားကြီးမားသူတွေ၊ ခွင့်လွှတ်နိုင်သူတွေကို အင်မတန် အားကျပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အတုယူကြိုးစားနေတဲ့အဆင့်တောင် မရောက်သေးပါဘူးလို့ပဲ ပြောရပါမယ်။
Questin – (10) လက်ရှိ မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်း လုပ်ဆောင်ကြတဲ့အပေါ်မှာ ဘယ်လိုအခက်အခဲမျိုးတွေ၊ စိန်ခေါ်မှုမျိုးတွေ ကြုံတွေ့ရလေ့ရှိပါလဲ ။
Answer – (10) လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ အခက်အခဲက တကမ္ဘာလုံးကြုံတွေ့နေရတဲ့ အခက်အခဲပါပဲ။ သူ့ဖက်၊ ကိုယ့်ဖက်ဆိုတဲ့ဖက် (ဘက်) ပြဿနာပါ။ ကိုယ့်ဖက်မဟုတ်ရင် မဟုတ်သလို၊ ဟုတ်ရင် ဟုတ်သလိုပုံဖော်ကြ ပုံဖျက်ကြ စွပ်စွဲကြတာတွေဟာ အကြီးဆုံးစိန်ခေါ်မှုကြီးလို့ ထင်ပါတယ်။ ဒီလိုမျိုး လိုရင်လိုသလို၊ မလိုရင်မလိုသလို စွပ်စွဲမှုတွေဟာကျွန်တော်တို့ရဲ့ လှူဒါန်းလိုတဲ့လက်တွေကို တုပ်နှောင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ သဒ္ဒါတရားတွေကို ချုပ်ချယ်ထားပါတယ်။ ကိုယ်လှူချင်တဲ့နေရာတွေကို လှူဖို့ရာ တခါတရံမှာ အချက်အလက်တွေကို ပုံဖျ-က်ပြီး လိုသလိုစွပ်စွဲရေးသားခံရမှာတွေကို ကျော်ဖြတ်ရခြင်းက ကျွန်တော့်အတွက်တော့ အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။
Question – (11) မန္တလေးဘုရားကြီးကို လှူဖြစ်သွားရတဲ့ စိတ်ခံစားမှုနဲ့ နောက်ခံအကြောင်းတရားတွေရှိရင်လည်း ပြောပြပေးပါဦး။
Answer – (11) ကျွန်တော့်အမျိုးသမီးက မန္တလေးမှာမွေး၊ မန္တလေးမှာကြီးပြီး ဆရာဝန်ဖြစ် အိမ်ထောင်ကျတဲ့အထိနေခဲ့တဲ့ မန္တလေးသူစစ်စစ်၊ ကျွန်တော်က မန္တလေးမှာမမွေးခဲ့ပေမယ့် အလယ်တန်းအောင်၊ အထက်တန်းအောင် အိမ်ထောင်ကျ၊ ဆရာဝန်ဖြစ်တဲ့အထိနေခဲ့တာဆိုတော့ ကိုယ့်ဟာကိုယ် မန္တလေးသား၊ အညာသားဆိုတဲ့ အစွဲရှိတာပေါ့နော်။
မန္တလေးငလျင်ကြီးလှုပ်တော့ ဆိုရှယ်မီဒီယာအသီးသီးမှာ တက်လာတဲ့ပုံတွေမှာ အပျက်အစီးတွေ တွေ့ရတော့အင်မတန်မှ စိတ်မကောင်းဖြစ်ရတာနဲ့အတူ တတ်နိုင်သမျှလုပ်ကြမယ်ဆိုပြီး ဆုံးဖြတ်ထားကြပါတယ်။ တစ်ချိန်ထဲမှာပဲ ကိုယ့်စိတ်ထဲမှာ ငါ့တို့မြို့ဆိုတဲ့အစွဲကြီးရှိနေတာကို ကောင်းကောင်းမြင်လိုက်ရတယ်။
မဟာမြတ်မုနိဘုရားကြီးဆိုတာ ကျွန်တော်တို့မန္တလေးသားတွေအတွက်တော့ အဓိပ္ပါယ်တွေ၊ ခံစားမှုတွေ အများကြီးပါ။ မန်းသူမန်းသားတွေ ပိုနားလည်မှာပါ။ ကျောင်းမှာစာမေးပွဲနီးရင် မိုးလင်းထိစာကျက်ကြပြီး မနက်စောစောမျက်နှာသစ်တော်ရေသွားကပ်ကြတာ မန်းလေးသားတွေရဲ့ အလေ့အထတစ်ခုပါ။
ငလျင်ကြီးကြောင့် မန္တလေးမြို့ကြီးလိုအပ်နေတုန်းမှာ မန္တလေးသား မန္တလေးသူတွေအနေနဲ့ လှူခွင့်ကြုံပြီး လှူလိုက်တာ၊ လှူရတာကလည်း မဟာမြတ်မုနိဘုရားကြီးဆိုတော့ စိတ်ထဲမှာအင်မတန်မှ ကျေနပ်တဲ့စိတ်၊ ပျက်စီးဆုံရှုံးတာတွေအတွက် ဝမ်းနည်းပေမယ့် အဲဒီပျက်စီးမှုကို လှူဒါန်းပြင်ဆင်ခွင့်ရတဲ့အတွက် ပျော်တဲ့စိတ်၊ အားရတဲ့စိတ်၊ ထပ်ပြီးလှူချင်တဲ့စိတ်၊ ပီတိဖြစ်တဲ့စိတ်တွေ အများကြီးလို့ပဲ ပြောပါရစေ။ မန္တလေးနဲ့ ဘုရားကြီးဆိုတာခွဲပြောလို့မရပါဘူး။
ကျွန်တော်တို့ဘဝမှာ မလှူခင်ရော၊ လှူနေတဲ့အချိန်မှာရော၊ လှူပြီးမှရော တွေးတိုင်းတွေးတိုင်း ကြက်သီးတွေထပြီး ပီတိဖြစ်ရတဲ့အလှူ၊ ပျော်နေတဲ့အလှူ၊ အကျေနပ်ဆုံးအပျော်ဆုံးအလှူ ၃ ခုထဲမှာ အခုလှူရတဲ့ မဟာမြတ်မုနိဘုရားကြီးကို လှူရတာလည်း ပါပါတယ်။ အခုပြောနေတဲ့အချိန်မှာလည်း ပျော်နေပါတယ်။
Question – (12) ရှေ့ဆက်ပြီးတော့ရော ဘယ်လိုကူညီလှူဒါန်းမှုတွေ လုပ်ဆောင်သွားဦးမလဲ။
Answer – (12) ခုနကပြောသလိုပါပဲ။ သဒ္ဒါတရားရဲ့ ရှေ့ဆောင်မှုအတိုင်း ဆက်ပြီးလှူဒါန်းသွားမှာပါ။ လက်ရှိလုပ်ဆောင်နေဆဲ သန်လျင်သဘာဝတရားရိပ်သာမှာ ၆ ထပ် ဆေးရုံဆောက်နေတာ ပြီးလုပါပြီ။ ပြီးရင် ခွဲစိတ်ခန်းပစ္စည်းတွေနဲ့ အခြားပစ္စည်းတွေ လိုအပ်တာတွေ ဖြေးဖြေးချင်းဆက်လုပ်စရာတွေ ရှိပါသေးတယ်။
နောက်တခုက မှော်ဘီက ဆရာတော်ကြီးဦးဆေကိန္ဒရဲ့ ကျောင်းမှာအလယ်တန်း၊ အထက်တန်းကျောင်းသားလေးတွေအတွက် ၃ ထပ် အိပ်ဆောင်ဆောက်နေတာ ပြီးခါနီးပါပြီ။ အဲဒါလေးပြီးအောင်ဆက်လုပ်ဖို့ လိုပါသေးတယ်။နောက် မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ ခါးပြတ်တန်ဆောင်းပြသာဒ် ဆောက်နေတာ ရှိပါတယ်။
တကယ်လို့မဟာမြတ်မုန်ဘုရားကြီးနဲ့ လောကမာရဇိန်ကုသိုလ်တော်စေတီတော်ကြီးအတွက်ကို အလှူရှင်များထပ်မပေါ်ခဲ့ရင် တခြားလိုအပ်တာတွေကို ထပ်လှူဖို့မှန်းထားပါတယ်။
လောလောဆယ် သကြားစက်ရုံတွေရှိတဲ့နေရာက ဘုရားစေတီပျက်စီးမှုတွေကို ပြင်နေပါတယ်။ ဒါတွေပြီးသွားရင်ကျောက်ကပ်အခမဲ့ဆေးလို့ရမယ့် စင်တာလေးထောင်ချင်ပါတယ်။ ပြီးရင်တော့ နောင်ကို ရတနာသုံးပါးအတွက်သာမက အရင်လိုပဲ ပညာရေး၊ ကျန်းမာရေးအတွက်ကို ဆက်ပြီးလှူဒါန်းသွားဖို့ ရည်မှန်းထားပါတယ်။
ဒေါက်တာနိုင်ထွဋ်အောင် ပြောပြသော နိုင်ထွဋ်အောင်အကြောင်း အတိုချုပ်
ကျွန်တော့်ကို ရှမ်းဗမာအဖေ ရှမ်းဗမာအမေကမွေးတော့ ကျွန်တော်တို့တွေက ရှမ်းဗမာကပြားတွေပေါ့။ အဖေရောအမေရောက အစိုးရအမှုထမ်းတွေပါ။ အဖေက သစ်လုပ်ငန်းမှာ အစိုးရအမှုထမ်းပါ။ အမေက ကျောင်းဆရာမပါ။ ကျွန်တော့်ကိုမွေးတာ မြစ်ကြီးနား၊ ဝန်ထမ်းမိသားစုသဘာဝအတိုင်း တာဝန်ကျရာ ရွှေ့ပြောင်းရတော့ပျဉ်းမနား၊ ဂန့်ဂေါ၊ ပခုက္ကူ၊ မန္တလေးတို့မှာ ပြောင်းရွှေ့နေထိုင်ရင်းနဲ့ မန်းမှာဘွဲ့ရအိမ်ထောင်ကျပြီး ၁၉၉၄ မှာ ရန်ကုန်အခြေချဖြစ်သွားတာပါ။
၈၈ အာဏာသိမ်းချိန်က ဆေးကျောင်းတတိယနှစ်၊ တဖက်နိုင်ငံကိုအသွား တမူးမှာအဖမ်းခံရတယ်။ အဲဒီဖမ်းတဲ့တပ်မှာ သမ္မတကြီးဦးသိန်းစိန်က တပ်ရင်းမှုးဘဝနဲ့။ ကျွန်တော်တို့ကို မိဘရပ်ထံပြန်အပ်တယ်။ အဖမ်းခံနေရတုန်း အဖေ့ကိုပြန်တွေ့လို့ ဝမ်းသာရတာဘဝမှာ တကယ့်ကိုမှတ်မှတ်ရရပါ။
နောက်မန္တလေးပြန်ရောက်တော့ အဖေက ကျွန်တော့်ကိုအလုပ်လုပ်ခိုင်းတယ်။ အဲဒီမှာဘာကိုစလုပ်ဖြစ်လဲဆိုတော့ ကျွန်တော်က ကသာဖက် သစ်တွေကိုဝယ်၊ မန္တလေးကိုပြန်ရောင်းတဲ့အလုပ် စလုပ်ဖြစ်တယ်။ အဲ့ဒီမှာစပြီးတော့စီးပွါးရေးလုပ်ငန်းထဲကို ရောက်သွားတာပေါ့။
သစ်စက်ပိုင်တွေ ငွေအလီလီခွဲချေလို့ ငွေခေါင်းကွဲပြီး သစ်မလုပ်ဖြစ်တော့တဲ့အချိန်မှာ ကျွန်တော်တရုတ်ပြည်ကသွင်းလာတဲ့ ဆိတ် ၅ ကောင်တံဆိပ်စက်ဘီးကို ဆိုင်ဖွင့်ပြီးတော့မှရောင်းခဲ့တယ်။ ဆိုင်ကယ်နဲ့ ကားဝယ်ရောင်းလည်းလုပ်ခဲ့တယ်။ မြေပွဲစားနဲ့ မြေဝယ်ရောင်းလည်းလုပ်ခဲ့တယ်။ ဘဝစုံပါတယ်။ အဲဒီအချိန်မှာ ကျနော်အစ်ကိုဟာ ယိုးဒယားကုမ္ပဏီတစ်ခုနဲ့ အဆက်အသွယ်ရပြီးတော့မှ သစ်ဝယ်ဖို့အတွက် ဆက်သွယ်လာတဲ့အတွက် သစ်ပြန်စလုပ်ပါတယ်။
သစ်ပြန်လုပ်နေတဲ့အချိန် ၁၉၉၁ မှာ ကျွန်တော်လည်းအိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုတာနဲ့တစ်ပြိုင်တည်းလိုလို ကျွန်တော်တို့ဆေးကျောင်းကပြန်ဖွင့်တော့ ကျွန်တော်လုပ်လက်စအလုပ်တွေကို ကျွန်တော့်အကိုကိုလွှဲပြီးတော့ ကျွန်တော်ကျောင်းပြန်တက်ခဲ့ပါတယ်။ သုံးလအကြာမှာပဲ ကျောင်းကချက်ချင်းပြန်ပိတ်တယ်။ ကျောင်းပိတ်တော့သစ်ပြန်လုပ်ပါတယ်။ လုပ်နေတုန်းပဲကျောင်းပြန်ဖွင့်တယ်။ကျောင်းပြန်ဖွင့်တော့ ကျွန်တော်လုပ်လက်စအလုပ်တွေ၊ ငွေ နဲ့ ရှိတဲ့သစ်တွေအကုန်လုံးကို ကျွန်တော့်အစ်ကို့ကိုပဲ လွှဲပြီးတော့မှ ကျွန်တော်ကျောင်းပြန်တက်ပါတယ်။ ၉၄ မှာဆေးကျောင်းပြီးခဲ့ပြီး ၉၅ ခုနှစ်အလုပ်သင်ဆရာဝန်တပိုင်းတစမှာပဲ ကျွန်တော်ပြင်ပစီးပွါးရေးထဲကိုထပ်ပြီးတော့မှ ဝင်ရောက်ခဲ့တာပါ။
၉၅ မှာကျွန်တော့်အစ်ကိုနဲ့အတူတူ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ခဲ့ပါတယ်။ ၉၆ ခုနစ်ကစပြီးတော့ ကျွန်တော့်အစ်ကိုနဲ့အပြီးလမ်းခွဲပြီးတော့မှ လမ်းသစ်ပြန်စခဲ့ပါတယ်။ ကျွန်တော့်ဘဝအတွက်အခက်ခဲဆုံးအချိန်ပါပဲ။ အိမ်ထောင်လည်းကျပြီး သားတစ်ယောက်လည်းရပြီဆိုတဲ့အချိန်မှာ လမ်းသစ်ဖောက်ရတာတော်တော်ပင်ပန်းပြီးတော့မှ အားခဲလုပ်ရတဲ့အလုပ်ပါ။ အဲဒီအချိန်မှာငွေရင်းငွေနှီးလည်းမပြည့်စုံတဲ့အတွက် အလုပ်ကိုအစုံလုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ လယ်ဆည်ဝန်ကြီးဌာနကိုကျနော်ဘိလပ်မြေရောင်းလို့ရတယ်။ အဲဒါကနေစပြီးလယ်ဆည်ဝန်ကြီးဌာနအတွက် တရုတ်ကုမ္ပဏီတခုရဲ့ဌာနေကိုယ်စားလှယ်အနေနဲ့ ၄နှစ်လောက်အလုပ်လုပ်ရတယ်။
အဲဒီမှာ မီးရထားဝန်ကြီးဌာနပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနစတဲ့ဝန်ကြီးဌာနတွေမှာ ကျွန်တော် အပိုပစ္စည်းတွေရောင်းဖို့အတွက်စပါတယ်။ စီမံကိန်းတွေအတွက်လုပ်ပါတယ်။ ပြီးတော့ကာကွယ်ရေးဝန်ကြီးဌာနအတွက် လေယာဉ်ပျံတာယာတွေစပြီးရောင်းပါတယ်။
အဲဒီဝန်ကြီးဌာနမှာ ရယ်စရာကောင်းတာက ကျွန်တော်ရောင်းတဲ့တာယာက သူတို့သုံးနေတဲ့ တာယာနဲ့ အမျိုးတူ။တူတာမှ Brand ပါတူတယ် ။ တူပေမယ့် စျေးက သူတို့ အရင်ဝယ်ရတာကဒေါ်လာ ၁၀၀၀ နီးပါး။ ကျွန်တော့်စျေးကဒေါ်လာ ၂၀၀ ကျော်လောက်ဆိုတော့ ကျွန့်တော့်ဆီကစျေးသက်သာတော့ဝယ်လဲဝယ်ချင်တယ် ယုံလည်းမယုံရဲဘူး။ နမူနာ ၁၀ လုံးလောက်ဝယ်တယ်။ crosssection ဖြတ်ကြည့်တယ်။ လက်ရှိတာယာအဟောင်းကိုဖြတ်ကြည့်ပြီး ယှဉ်ကြည့်တယ်။ တပ်ပြီးတော့ လေထဲမပျံသေးပဲသုံးကြည့်တယ်။ တာယာရဲ့ခံနိုင်အားကိုဓါတ်ခွဲခန်းမှာစမ်းကြည့်တယ်။ကျေနပ်ပြီဆိုမှ လေယာဉ်မှာတပ်သုံးတယ်။ သုံးကြည့်ပြီးတော့အသုံးခံတယ်။ သတ်မှတ်တဲ့အရည်အသွေးအတိုင်းသုံးနိုင်တယ်။ အဲဒီမှာကျွန်တော်စာမေးပွဲအောင်သွားပြီ။ ဒီတာယာတလုံးကိုဒေါ်လာ ၂၀၀ ကျော်စျေးနဲ့ပဲ နောင် ၁၀ နှစ်လောက်ရောင်းလို့ရတယ်။
ကျွန်တော်က လောဘသတ်နိုင်တယ်။ဥပမာ စိတ်ထဲမှာဒီပစ္စည်းအတွက် ၁၀ မြတ်ရင်တော်ပြီဆိုရင် ၁၀ပဲ။ ပိုမြတ်တာ မမြတ်တာကို စိတ်မဝင်စားခဲ့ဘူး။ တာယာစာမေးပွဲအောင်သွားတော့ ကျွန်တော့်ကိုနောက်တစ်ခုမေးတယ်။ ဘက္ကထရီ ကျွန်တော်နမူနာနှစ်လုံးပို့တယ် အမျိုးမျိုးစမ်းတယ်။ ကျွန်တော်ရောင်းတာဒေါ်လာ၃၀၀၀။ သူများရောင်းတာက ဒေါ်လာ ၁၀၀၀၀ နီးပါး။ စစ်ဆေးကြည့်/စမ်းသုံးကြည့်တော့ အတူတူပဲ။ အဲဒီမှာ ကျွန်တော်ဂုဏ်ထူးထွက်သွားပြီ။
အဲဒီနောက်ပိုင်းမှာ တခြားအပိုပစ္စည်းတွေရယ် တခြားပစ္စည်းတွေအစုံ၊ ဥပမာသံချောင်း၊ ဘိလပ်မြေတွေကအစလျှပ်စစ်မီးလုံး၊ TransmissionLine၊ ချည်မျှင်နဲ့ အထည်အလိပ်၊ သင်္ဘောအပိုပစ္စည်း၊ ကားအပိုပစ္စည်း လေယာဉ်ပျံအပိုပစ္စည်းအဆုံး ကျွန်တော်အများကြီးရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီလိုအများကြီးအောင်မြင်မှုရခဲ့လို့လည်း မလိုသူတွေကနာမည်ဖျက်ဖို့ကြိုးစားခဲ့ကြတာပေါ့။
သက်ဆိုင်ရာဌာနတွေနဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်ပြီးတဲ့အချိန်မှာ ကျွန်တော်အရှိန်ရသွားပါပြီ။ အဲဒီလိုရရှိတဲ့ယုံကြည်မှုကို အစိုးရဌာနတွေမှာ တင်ဒါသွင်းတဲ့အလုပ်ကိုရပ်တဲ့နေ့ စက်တင်ဘာ၃၀၊ ၂၀၂၀ခုနှစ်အထိ မချိုးဖေါက်ခဲ့ပါဘူး။
ကျွန်တော့်ကိုယုံကြည်လို့ သီးသန့်အခိုင်းခံခဲ့ရတဲ့အလုပ်တိုင်းမှာ အမြတ်ပိုတင်လို့ရခဲ့ရင်တောင် မယူခဲ့ပါဘူး။ထိုက်သင့်တဲ့အမြတ်နဲ့ ကျေနပ်ပါတယ်။ အများနဲ့ တင်ဒါပြိုင်ရရင်တော့ တမျိုးပေါ့။ရံဖန်ရံခါမှာ ကုန်ကျစားရိတ်ကာမိရင်လဲ လုပ်ပါတယ်။ တခါတလေ ဈေးကွက်သဘောတရားအရ လိုအပ်လို့ပဲဖြစ်ဖြစ်၊ မခံချင်စိတ်ကြီးလာရင်ဖြစ်ဖြစ်၊ ဒေါသထွက်ရင်ပဲဖြစ်ဖြစ် အရှုံးခံပြီးလဲလုပ်တတ်ပါတယ်။
အဲဒီလိုပြိုင်ဆိုင်မှု သံသရာကြီးထဲကနေ ၂၀၂၀ခုစက်တင်ဘာလကုန်မှာ အပြီးထွက်ခဲ့ပြီး၊ ပြိုင်စရာမလိုတဲ့တဲ့ဘဝကို ရောက်ခဲ့ပါပြီ။ ခုဆို ၅နှစ်ကျော်ခဲ့ပြီပေါ့။
ယခုတင်ဆက်ပေးခဲ့တာကတော့ စီးပွားရေးလောကမှာအောင်မြင်စွာရပ်တည်ခဲ့ရာက အေးချမ်းအောင်ကြိုးစားနေတဲ့စိတ်နဲ့ ပရဟိတလူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် ဒေါက်တာနိုင်ထွဋ်အောင်ရဲ့ဖြတ်သန်းရာ ဘဝတလျောက်ကနေ အတွေ့အကြုံကောင်းများနဲ့ သင်ခန်းစာကောင်းများ ရယူနိုင်စေဖို့ ရည်ရွယ်ရင်း အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်၏ ဖြတ်သန်းရာ ဘဝအတွေ့အကြုံ၊ စိတ်ထားများ နှင့်ကွန်းခိုရာကိုတင်ဆက်လိုက်ခြင်းဖြစ်ပါသည်။
