အာကာသနှင့် မော်တော်ကားလုပ်ငန်းဘီလျံနာသူဌေးကြီးအီလွန်မတ်စ်ကနိုင်ငံရေးပါတီသစ်တစ်ခုကို ဖွဲ့စည်းမည်ဖြစ်ကြောင်းပြောကြားခြင်းဖြင့်ဒေါ်နယ်ထရမ့်ပ်နှင့်သူ၏မဲဆွယ်စည်းရုံးရေးဆိုင်ရာအဓိကငွေကြေးပံ့ပိုးသူအီလွန်မတ်စ်တို့အကြား ခွာပြဲနေသောဆက်ဆံရေးသည်နောက်ထပ်ရန်စောင်သော အလှည့်အပြောင်းတစ်ခုကို ဖြစ်စေခဲ့သည်။
နိုင်ငံရေးပါတီသစ်တစ်ခုကိုထူထောင်သင့် မသင့် X ပလက်ဖောင်းပေါ်ရှိ သူ၏ follower များကို မေးမြန်းခဲ့ပြီးနောက်တစ်ရက်ဖြစ်သော စနေနေ့တွင်ဘီလျံနာသူဌေးကြီးကယင်းသို့ကြေညာခဲ့ခြင်းဖြစ်သည်။
“ခင်ဗျားတို့ရဲ့ လွတ်လပ်မှုကို ခင်ဗျားတို့ဆီပြန်ပေးဖို့ အမေရိကပါတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါပြီ” ဟု သူက ပို့စ်တင်ခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်ပ်သည် အခွန်လျှော့ချမှုနှင့် အသုံးစရိတ်ဥပဒေကြမ်းကို သောကြာနေ့တွင် လက်မှတ်ထိုးကာအတည်ပြုလိုက်ပြီးနောက် မစ္စတာမတ်စ်၏ ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
မစ္စတာမတ်စ်သည် အဆိုပါ ဥပဒေကြမ်းကို အပြင်းအထန်ကန့်ကွက်ခဲ့သူဖြစ်ပြီး ယင်းသည် အမေရိကကို ချွတ်ခြုံကျစေလိမ့်မည်ဟု ဝေဖန်ထားခဲ့သည်။
သူ၏ Tesla ကားကုမ္ပဏီနှင့် SpaceX ဂြိုဟ်တုကုမ္ပဏီတို့မှ အကျိုးအမြတ်များကြောင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသော မစ္စတာမတ်စ်သည် ထရမ့်ပ် ရွေးကောက်ပွဲအောင်နိုင်ရေးတွင် ဒေါ်လာသန်းရာနှင့်ချီ၍ သုံးစွဲခဲ့ကာ သမ္မတ၏ ဒုတိယသက်တမ်းစတင်ချိန်တွင် အစိုးရအသုံးစရိတ်ကို လျှော့ချရန်အတွက် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်တာဝန်ယူခဲ့သည်။