လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းခဲ့ရပြီး ဒဏ်ရာရသူများရှိ
ကူဝိတ်နိုင်ငံတကာလေဆိပ်ကို ပစ်မှတ်ထားသည့် အီရန်ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြောင့် လေဆိပ်၏ Terminal 1 အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူများရှိကြောင်း ကူဝိတ်အစိုးရသတင်းဌာနက ဇွန် ၃ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကူဝိတ်အာဏာပိုင်များက လေဆိပ်အရေးပေါ်အစီအစဉ်ကို အသက်သွင်းခဲ့ပြီး လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းကာ အနီးအနားရှိ လေဆိပ်များသို့ လမ်းကြောင်းပြောင်းခဲ့ရကြောင်း သိရသည်။
ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆော့ဒ် အဗ္ဗဒူလ်အဇစ် အယ်လ်အိုတိုင်ဘီက ရန်လိုသော ဒရုန်းများသည် လေဆိပ်ခရီးသည်တင် အဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုမှာ အီရန်နှင့် အမေရိကန်တို့အကြား ဒုံးကျည်များဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ အမေရိကန်စစ်တပ်က ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများသို့ ပစ်ခတ်ခဲ့သည့် အီရန်ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အီရန်၏ Qeshm ကျွန်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဘာရိန်းရှိ အမေရိကန်ရေတပ် အမှတ်(၅) ရေတပ်မဟာနှင့် ဒေသတွင်း စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည်ဆိုသော အီရန်တော်လှန်ရေးအစောင့်တပ်၏ ပြောဆိုချက်များကိုလည်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က ငြင်းဆိုထားကြောင်း သိရသည်။
Ref: TH / Reuters
