အိန္ဒိယ နည်းပညာတွေ နဲ့အတူ အိန္ဒိယ ဒါရိုက်တာ Mr. J Krishina Murithy နဲ့ ဖြိုးသစ္စာတို့ ပူးပေါင်း ရိုက်ကူးသွားမယ့် “မကြာ မီမျှော်” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂ ရက်နေ့ နေ့လယ် ၁ နာရီက Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အက်ရှင် အသားပေး ရိုက်ကူးသွားမယ့် ဒီဇာတ်ကား ကြီးမှာတော့ ဝေဠုကျော်၊ သူထူးစံ၊ နေနော်၊ ဇင်ကြီး (Myanmar Idol)၊ အေးမြတ်သူ၊ မေဘရဏီသော် တို့အပြင် မွေထိုင်းချန်ပီယံ ပါဝိနှင့် လုံးမာန်တို့ ပါဝင်မယ်လို့ သိရပါတယ်။ အိန္ဒိယ ကျွမ်းကျင်ပညာ ရှင်တွေနဲ့အတူ ရိုက်ကူး သွားမယ့် ဒီဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး
“ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံမှာ ဒီလိုရုပ်ရှင်မျိုး လုပ်ချင်တာ နှစ်ပေါင်းကြာခဲ့ပြီ။ ဇာတ်လမ်း တစ်ခုကို ကျွန်တော်ရေးသားပြီးတော့ ပရိုဂျူဆာကို ရှာမယ် ဆိုပြီး မြန်မာနိုင်ငံကို လာတဲ့အချိန်မှာ ကိုဖြိုး ဝေသိန်းကို တွေ့ရပါတယ်။ ကိုဖြိုးဝေသိန်း နဲ့ တိုင်ပင်မှုတွေ ပြုလုပ် ပြီး ဒီဇာတ်ကားကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားအ တွက် ပိုက်ဆံ အကြောင်း မစဉ်းစားပဲနဲ့ မြန်မာနိုင်ငံမှာ အကောင်းဆုံး ဇာတ်ကား တစ်ခုဖြစ်အောင် လုပ်မယ်လို့ပဲ ဆုံးဖြတ်ထားပါတယ်။ အ ကောင်းဆုံး ဖြစ်အောင်လို့လည်း အိန္ဒိယက technician တွေ ခေါ် လာ ပါတယ်။ Camera Man၊ Music Director တွေ၊ Gun Master တွေ၊ အက်ရှင် ကျွမ်းကျင်သူတွေ အိန္ဒိယက ပါလာတယ်။ အဲဒီရုပ်ရှင် ကားမှာ ထူးခြားတာ ကတော့ သီချင်းအပြင် အကကိုပါ ထည့်သွင်းသွား မှာပါ။ ဖိုက်တင်တွေ ကိုလည်း အိန္ဒိယ နည်း ပညာတွေ ပါပါတယ်။ ကျွန်တော့် အတွက်လည်း ဒီဇာတ်ကားက စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီဇာတ်ကားမှာ ရုပ်ရှင် ရိုက်ပြီးရင် အသံပြန်သွင်း ဖို့လည်း သရုပ်ဆောင် အားလုံး သဘောတူ ထားကြပါတယ်”လို့ ဒါရိုက်တာ Mr.J Krishina Murithy က ပြောပါတယ်။
“မကြာမီမျှော်” ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ မေလ ၅ ရက်နေ့ က စတင်ပြီး မြဝတီမြို့မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်