ဗီယင်နာ၊ ဇန်နဝါရီလ ၄
အိုပက်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများ (အိုပက်+) သည် လာမည့်ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ရေနံထုတ်လုပ်မှုတိုးမြှင့်မည့်အစီအစဉ်ကို ဆက်လက်ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ကြောင်း တနင်္ဂနွေနေ့က ကြေငြာချက်တွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါဆုံးဖြတ်ချက်သည် ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံတို့ အပါအဝင် အိုပက်+ အဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာ့စျေးကွက်အခြေအနေနှင့် စီးပွားရေးအလားအလာများကို သုံးသပ်သည့် အွန်လိုင်းအစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ အိုပက်+ ရှစ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဧပြီလမှစတင်၍ ရေနံထုတ်လုပ်မှုကို လစဉ်တိုးမြှင့်ခဲ့ကြသော်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ထုတ်လုပ်မှုတိုးမြှင့်ခြင်းကို ဆိုင်းငံ့ထားရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းထုတ်ပြန်ချက်အရ အဖွဲ့ဝင်နိုင်ငံများသည် စျေးကွက်၏ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများအပေါ် မူတည်၍ ထုတ်လုပ်မှုပမာဏကို လိုအပ်သလို ညှိနှိုင်းပြင်ဆင်နိုင်ရန်အတွက် သတိကြီးစွာဖြင့် ချဉ်းကပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသည့် မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်လုပ်ဆောင်မည့်ဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် အဆိုပါရှစ်နိုင်ငံပါဝင်မည့် နောက်တစ်ကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အိုပက်အဖွဲ့က ပြောကြားခဲ့ပါသည်။
Ref: ရှင်းဟွာ
