အတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့ နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာ ဒေသသို့ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ဝင်ရောက်မှု မရှိသေးသည့်အတွက် မဲစာရင်းပြုစုရာတွင် ကျန်ရှိနေခြင်း ၊ ကွဲလွဲနေခြင်းများရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ပြောသည်။
ယမန်နေ့က ကျင်းပခဲ့သည့် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ(၃၀)ရက်မှ စ၍ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှု နှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကပြောသည်။
ပြည်သူများ မဲစာရင်းတွင် ပါ/မပါ ၊ အချက်အလက်ပြည့်စုံမှုရှိမရှိ နှင့် မဲစာရင်းလာရောက်ကြည့်ရူနိုင်ရန် ၊ ပြင်ဆင်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆောင်အသိပေးကြရန်လည်း ပြည်ထောင်စုဝန် ကြီး ကပြောကြားထားသည်။
ထို့ပြင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရန် ကိုင်ဆောင်ကတ် ပြားတစ်မျိုးမျိုးရရှိနိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွ က်နေကြောင်းလည်း သိရသည်။
