Myanmar Property Dealer မှ ကြီးမှူး၍ အိမ်ခြံမြေအခန်းကဏ္ဍနှင့် တာဝန်ယူမှုတာဝန်ခံမှုအခန်းကဏ္ဍ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Hotel KBA တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဒေါ်မိုးမိုးအောင်နှင့် ဥပဒေပညာရှင်၊ဥပဒေစာရေးဆရာ ဦးကျော်ဇေယျတို့မှ ဆွေးနွေးခဲ့ကြသည်။
” အိမ်ခြံမြေလုပ်တဲ့ သူတွေက တယ်လီဖုန်းလေးတစ်လုံးကိုင်တတ်ရုံနဲ့ အိမ်ခြံမြေလုပ်တာမဟုတ်ဘဲ တကယ့်ကို အိမ်ခြံမြေအကြောင်း နားလည်ဖို့လိုတယ်။ စာတွေလည်းဖတ်ဖို့လိုတယ်။ ဥပဒေနဲ့ ပတ်သက်တာ နားလည်မှသာလျင် အိမ်ခြံမြေ အကျိုးဆောင်လုပ်တာ ပိုကောင်းတယ်။ ရောင်းသူနဲ့ဝယ်သူ တေ့ပေးလိုက်ရုံနဲ့ အိမ်ခြံမြေအကျိုးတော်ဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ ရောင်းသူနဲ့ ဝယ်သူကြားက လိုအပ်ချက်ကိုပါ ဖြည့်စွမ်းပေးရမယ်။ ရောင်းမှားဝယ်မှားမဖြစ်ရအောင် ဂရန်တွေဆိုလည်း သေချာစစ်ပေးရမယ်။ ဧကမှန်မမှန်။ ပါမစ်ဆိုလည်း စစ်ပေးရမယ်။ အခုနောက်ပိုင်းမှာ ပါမစ်တွေ၊ ဂရမ်တွေကအတုတွေ ပေါ်နေတဲ့ အခါကျတော့ အကျိုးတော်ဆောင်တွေအနေနဲ့ ကိုယ့်ရဲ့ဝယ်လက်တွေကို သေချာအောင်လုပ်ပေးဖို့ လိုပါတယ်”ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဒေါ်မိုးမိုးအောင်က ပြောသည်။
လယ်ယာမြေ၊ အိမ်ခြံမြေအပါအဝင် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ ရောင်းချမှုအပြီး ကိုယ်စားလှယ်လွှဲစာ (GP ၊ SP) ကို မှတ်ပုံတင်ပေးရန် ဦးစွာလျှောက်ထားခွင့် မပြုတော့ကြောင်း မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက အသိပေးထားသည်။
မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေအပါအဝင် သက် ဆိုင်ရာအခွန်ဥပဒေတွေနှင့်အညီ ကျသင့်သည့်အခွန်များကို အရင်ပေးဆောင်ပြီး ပိုင်ဆိုင်မှုအလွှဲအပြောင်း စာချုပ်စာတ မ်းကို လာရောက်မှတ်ပုံတင်သည့် အချိန်မှသာ အထွေထွေကိုယ်စားလှယ်လွှဲစာ (GP ၊ SP) ကို မှတ်ပုံတင်ပေးခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြစ်သည့် ကိုယ်စားလှယ်လွှဲစာများကို အခွန်ဆောင်ပြီးမှ မှတ်ပုံတင်ခွင့်ပြုခြင်းသည် ရောင်းမှား ဝယ်မှားမဖြစ်စေရန် ကြိုတင်တားဆီးနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
