အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား လေကြောင်းကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများကို မကြာမီစတင်တော့မည်ဖြစ်ကြောင်း အာဖဂန်၏ တာလီဘန်အစိုးရ ကုန်သွယ်ရေးဝန်ကြီး အယ်လ်ဟာ့ဂျ် နူရူဒင်အဇီဇီ၏ နူးဒေလီခရီးစဉ်အတွင်း သောကြောနေ့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ကြေညာခဲ့သည်။
ကဘူးလ်-နူးဒေလီနှင့် ကဘူးလ်-အမ်ရစ်ဆာ လမ်းကြောင်းများရှိ ကုန်စည်ပို့ဆောင်ရေးစင်္ကြန်ကို စတင်ဆောင်ရွက်ပြီဖြစ်ကြောင်းနှင့် အဆိုပါကဏ္ဍများတွင် ကုန်တင်လေလေယာဉ်ခရီးစဉ်များကို များမကြာမီစတင်တော့မည်ဖြစ်ကြောင်းကို ကြေညာရခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း ဝန်ကြီးဌာနအရာရှိ အာနတ်ပရာကက်ရှ်က ပြောဆိုသည်ဟု ရို-က်တာသတင်းက ဖော်ပြခဲ့သည်။
ယင်းအစီအစဉ်သည် နှစ်နိုင်ငံပို့ဆောင်ရေးကို သိသိသာသာမြှင့်တင်ပေးမည်ဖြစ်ကာ မိမိတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများကို ပိုမိုအားကောင်းစေလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဇီဇီသည် ကဘူးလ်နှင့် အစ္စလမ္မာဘတ်အကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အာဖဂန်စိုက်ပျိုးရေး ထွက်ကုန်များတင်ပို့မှု မြှင့်တင်ရေး အပါအဝင် ကုန်သွယ်ရေးဆက်ဆံမှုကို တိုးချဲ့ရန်ရည်ရွယ်၍ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အတွက် ရောက်ရှိနေခဲ့သည်။
ဆွေးနွေးမှုမျာတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးချဲ့ခြင်း၊ အထူးသဖြင့် အိန္ဒိယသို့ စိုက်ပျိုးရေးပို့ကုန်များ တင်ပို့ခြင်း၊ အိန္ဒိယမှ ဆေးဝါးများ၊ စက်ယန္တရားများနှင့် အထည်အလိပ်များတင်ပို့မှု တိုးမြှင့်ခြင်း၊ လေကြောင်း ကုန်စည်လမ်းကြောင်းများနှင့် အီရန်၏ ချာဘာဟာဆိပ်ကမ်းမှတဆင့် ပိုမိုယုံကြည်စိတ်ချရသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ထူထောင်ခြင်း၊ အာဖဂန်ဘဏ်များ က ဆွစ်ဖ်ဖြင့် ငွေပေးငွေယူကိစ္စများ လုပ်ဆောင်ခွင့်ကို ဆုံးရှုံးသွားပြီးနောက် အနှောင့်အယှက်ဖြစ်သွားသော ငွေပေးချေမှုလမ်းကြောင်းများကို ပြန်လည်ထူထောင်ခြင်းနှင့် အိန္ဒိယ-အာဖဂန် လေကြောင်းကုန်စည်ပို့ဆောင်ရေးစင်္ကြန်ကို ပြန်လည်အသက်သွင်းခြင်းတို့ ပါဝင်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
Ref: အီးတီ
