အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တိုက်ခိုက်မှုများကြောင့် ဥရောပ အသွားအပြန် လေကြောင်းခရီးစဉ်များကို လမ်းကြောင်းပြောင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ လုပ်ခဲ့ရသည်ဟု အာရှလေကြောင်းလိုင်းအချို့က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြသည်။
နျူကလီးယားလက်နက်ကိုပိုင်ဆိုင်သောနှစ်နိုင်ငံအကြား ၌ ဆယ်စုနှစ် ၂ ခုကျော်အတွင်း အဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ရာတွင် အိန္ဒိယက ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ် သည့်ကက်ရှ်မီးယားဒေသတို့ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် အိန္ဒိယတိုက်လေယာဉ် ငါးစင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်အကြား တိုက်ခိုက်မှုများကြောင့် လုံခြုံရေးအလို့ငှာ ထိခိုက်မှုရှိနိုင်သည့် လေပိုင်နက်ကို ရှောင်ရှားရန် ဥရောပ အသွားအပြန် ခရီးစဉ်များကို ချိန်ညှိသွားမည်ဟု ထိုင်ဝမ်၏ EVA Air 2168.TW က ပြောကြားခဲ့သည်။
ဗီယင်နာမှ ထွက်ခွာလာသည့် ယင်းလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် အဆိုပါမြို့သို့ နောက်ကြောင်းပြန်လှည့်ခဲ့ပြီး တိုင်ပေမှ မီလန်သို့ ပျံသန်းသည့် လေယာဉ်တစ်စင်းသည် လည်း ဗီယင်နာသို့ လမ်းကြောင်းပြောင်းဆီဖြည့်ကာ မူလ ခရီးစဉ်ကို ဆက်လက်ပျံသန်းမည်ဖြစ်သည်ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ကြောင်း ရိုက်တာက ရေးသား ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ အင်ချွန်း လေဆိပ်နှင့် ယူအေအီးနိုင်ငံ ဒူဘိုင်း မြို့တို့ အကြား ခရီးစဉ်များကို ပါကစ္စတန်လေပိုင်နက်ကိုဖြတ်၍ ပျံသန်းနေသော Korea Air 003490.KS သည် ယင်းလေပိုင်နက်ကို ရှောင်လွှဲပျံသန်းနေသည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
တဖန် ထိုင်ဝမ်၏ China Airline 2610.TW ကလည်း ၎င်း၏ အရေးပေါ်အခြေအနေအစီအစဉ်ကို စတင်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးအစီအမံများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းပြောကြားခဲ့သည်။
တိုင်ပေမြို့ပြင်ရှိ ထိုင်ဝမ်၏ အဓိကနိုင်ငံတကာလေဆိပ်တစ်ခုဖြစ်သော Taoyuan ၏ ဝက်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့က China Airline ၏ လန်ဒန်သို့ တောက်လျှောက်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ပြသထားသည်။
Ref: သည်ဒေးလီးစတား