အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာ ပြည်နယ်က ဒေသခံတွေဟာ သူတို့ရဲ့ လမ်းအသစ်လေးက အမှန်တကယ်တော့ ကတ္တရာလမ်းအစစ် မဟုတ်ဘဲ ကတ္တရာစေး ပါးပါးအုပ်ထားတဲ့ ကော်ဇောခင်းလမ်းတစ်ခုသာ ဖြစ်တယ်ဆိုတာကို အံ့အားသင့်ဖွယ် သိရှိလိုက်ရပါတယ်။
မဟာရက်ရှ်ထရာ ပြည်နယ်၊ ခါဂျက် ဟက်စ် ပိုးခရီ ရွာက ရွာခံတွေဟာ သူတို့ရဲ့ နှံချာနေတဲ့ လမ်းတွေကို အသစ် ပြန်လည်တည်ဆောက်ပေးဖို့အတွက် ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေဆီ တောင်းဆိုခဲ့နေတာ အချိန်အတော်ကြာနေပြီလို့ လော့ခ်မက် တိုင်းမ်စ် သတင်းစာက ဖော်ပြထားပါတယ်။
အဲဒါကြောင့် ရွာခံတွေရဲ့ အလိုအရ အဲဒီလမ်းတွေကို ပြန်လည်ဖောက်လုပ်ခဲ့တာ ပြီးခဲ့တဲ့လကပဲ ပြီးစီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွာခံတွေဟာ မကြာခင်မှာပဲ အဲဒီလမ်းတွေက သူတို့လိုချင်နေတဲ့ လမ်းမျိုး မဟုတ်ဘဲ ကော်ဇောလိုမျိုး ပတ္တူတစ်ခုပေါ်ကို ကတ္တရာစေး ပါးပါးလေး လောင်းထားတဲ့ လမ်းတွေ ဖြစ်နေတာကို သိလိုက်ရပါတယ်။
ဒါဟာ အဲဒီလမ်းတွေကို တည်ဆောက်ဖို့အတွက် တာဝန်ယူခဲ့တဲ့ ကုမ္ပဏီရဲ့ ကလိမ်ကကျစ်ကျမှုပဲ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကတော့ သူတို့ဟာ လမ်းတွေကို နောက်ဆုံးပေါ် ဂျာမန်နည်းပညာကို အသုံးပြုပြီး ဆောက်လုပ်ထားတာလို့ ဆိုထားပါတယ်။
တွစ်တာပေါ် ပျံ့နှံလာခဲ့တဲ့ ဗီဒီယိုမှာလည်း ရွာခံတွေက လမ်းကို ကော်ဇောတစ်ချပ်ကို မသလိုမျိုး မပြပြီး လမ်းအတုကြီး ဟုဆိုကာ ကန်ထရိုက်တာတွေအပေါ် ပြစ်တင်ဝေဖန်နေခဲ့ပါတယ်။
လက်ရှိမှာတော့ ရွာခံတွေဟာ အဲဒီကန်ထရိုက်တာတွေ၊ လမ်းအင်ဂျင်နီယာတွေနဲ့ သက်ဆိုင်ရာ ဌာနတွေကို လမ်းအတုနဲ့ သူတို့အပေါ် ရိုက်စားဖို့ လုပ်တယ်ဆိုပြီး အရေးယူပေးဖို့အတွက် တောင်းဆိုထားပါတယ်။
Source: OddityCentral