ဘရာမို့စ် တိုက်ခိုက်ရေးဒုံကျည်များကို သုံးသုတ်ခွဲပေးပို့မည့် အစီအစဉ်အရ ပထမအသုတ် ပေးပို့ပြီးနောက် တစ်နှစ်အကြာဖြစ်ေသာယခုအချိန်တွင် အိန္ဒိယနိုင်ငံက ဒုတိယအသုတ် ဒုံးကျည်များကို ဖိလစ်ပိုင်သို့ ပေးပို့လိုက်ကြောင်း သိရသည်။
ပထမအသုတ် ပေးပို့စဉ်ကကဲ့သို့ အိန္ဒိယလေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းမဟုတ်ဘဲ ဒုတိယအသုတ်ကို သင်္ဘောဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ၏ အင်္ဂလိပ်ဘာသာသုံး သတင်းစာများဖြစ်သည့် The Economic Times နှင့် The New Indian Express တို့က ဖော်ပြသည်။
ဖိလစ်ပိုင်သည် အိန္ဒိယ-ရုရှား ဖက်စပ်လုပ်ငန်းဖြစ်သော BrahMos Aerospace Private Ltd နှင့် ၎င်း၏ ပီဆို ၁၈ ဒဿမ ၈ ဘီလျံတန် သဘောတူညီချက်အရ ဘရာမို့စ် ဒုံးကျည် စုစုပေါင်း သုံးသုတ်ကို လက်ခံရရှိမည်ဖြစ်သည်။
ဖိလစ်ပိုင်ရေတပ်၏ ကမ်းရိုးတန်းအခြေစိုက် သင်္ဘောဖျက်ဒုံးကျည်စနစ် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဘရာမို့စ်ဒုံးကျည် ပထမအသုတ်သည် ၂၀၂၄ ခုနှစ် ဧပြီလတွင် ဖိလစ်ပိုင်သို့ ရောက်ရှိခဲ့ပြီး အင်ဒိုနီးရှားနှင့် ဗီယက်နမ်ပြီးလျှင့် ကမ္ဘာ့အမြန်ဆုံး အသံထက်မြန်သော သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ရရှိသည့် တတိယမြောက် အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဒုံးကျည်ဆိုင်ရာ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခဲ့စဉ်အတွင်း “ဘရာမို့စ် ဒုံးကျည်များသည် အထူးသဖြင့် အနောက်ဖိလစ်ပိုင် ပင်လယ်တွင် ကျွနု်ပ်တို့၏ အချုပ်အခြာအာဏာနှင့် အချုပ်အခြာပိုင် အခွင့်အရေးများကို ပျက်ပြားစေရန် ကြိုးပမ်းမှုမှန်သမျှကို ဟန့်တားပေးလိမ့်မည်” ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လိုရန်ဇနာက ပြောကြားခဲ့သည်။
Ref: Inquirer.Net