ဖနွမ်းပင်၊ဖေဖော်ဝါရီ ၆
ကမ္ဘောဒီးယားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟွန်မာနက်သည် အိန္ဒိယသို့ သုံးရက်ကြာခရီးသွားရောက်ခဲ့ပြီး စစ်ရေးအရ ဆက်ဆံမှုမြှင့်တင်ရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်ဟုသိရသည်။
ယခုခရီးစဉ်သည် ကမ္ဘောဒီးယားနှင့်အိန္ဒိယနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အတွက်လည်း သွားရောက်ခဲ့ခြင်းဖြစ်သည်။
“ဒုဗိုလ်ချုပ်ကြီး ဟွန်မာနက်ရဲ့ခရီးစဉ်ဟာ ကမ္ဘောဒီးယားတပ်မတော်ရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေပြီး နှစ်နိုင်ငံကြားရင်းနှီးတဲ့ ဆက်ဆံရေးကိုမြှင့်တင်ပေးမှာပါ” ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကလည်း “ဒါဟာ ကမ္ဘောဒီးယားတပ်မတော်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်ဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်” ဟုလည်းဆိုခဲ့သည်။
နှစ်နိုင်ငံတွေ့ဆုံစဉ်အတွင်း အိန္ဒိယဗိုလ်ချုပ်ကြီးက ကမ္ဘောဒီးယားတပ်မတော်အတွက် လေ့ကျင့်ရေးဆောင်ရွက်ပေးရန်ပြောကြားခဲ့ပြီး တပ်မတော်နှစ်ခု၏ ကြည်းတပ်ဆွေးနွေးပွဲကျင်းပမည့် အချိန်ဇယားကိုလည်း ကမ္ဘောဒီးယားဒုဗိုလ်ချုပ်ကြီးဟွန်မာနက်က ကြေငြာခဲ့ကြောင်းသိရသည်။
အိန္ဒိယနှင့်ကမ္ဘောဒီးယားတို့ကြား စစ်ရေးဆက်ဆံရေးသည် မကြာသေးမီကထက်ပိုမို တိုးတက်လာခဲ့သည်။ထို့ပြင် ကမ္ဘောဒီးယားသည် ကိုဗစ်ကြောင့်ရပ်နားထားရသည့် တရုတ်နိုင်ငံနှင့်လေ့ကျင့်နေကျ Golden Dragon အမည်ရှိစစ်ရေးလေ့ကျင့်မှုကိုလည်း ယခုနှစ်ထဲ၌ ပြန်လည်စတင်ရန်ရည်မှန်းထားကြောင်းသိရှိရသည်။
Source : Khmer Times