ဒီဇင်ဘာ ၂၃
အိန္ဒိယနှင့် နူးဇီလန်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို ဒေါ်လာသန်းပေါင်းများစွာအထိ မြှင့်တင်ပေးနိုင်မည့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကိုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ သဘောတူညီချက်ကို လာမည့်နှစ်၏ ပထမသုံးလပတ်အတွင်း တရားဝင်လက်မှတ်ရေးထိုးသွားရန် မျှော်မှန်းထားသည်ဟုသိရသည်။
သဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် နူးဇီလန်သို့ တင်ပို့မည့် ကုန်ပစ္စည်းအားလုံးအတွက် အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ နူးဇီလန်နိုင်ငံသည်လည်း အိန္ဒိယ၏ သွင်းကုန် ၇၀ ရာခိုင်နှုန်းခန့်အတွက် အခွန်လျှော့ပေါ့ခွင့်နှင့် ဈေးကွက်သို့ ဝင်ရောက်ခွင့်ကို ရရှိမည်ဖြစ်သည်။ နူးဇီလန်မှ အိန္ဒိယသို့ တင်ပို့နေသည့် ကုန်ပစ္စည်းများ၏ ၉၅ ရာခိုင်နှုန်းခန့်ကိုလည်း အမျိုးအစားပေါ်မူတည်၍ အဆင့်လိုက် အကျုံးဝင်စေမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နူးဇီလန်နိုင်ငံသည် နို့ထွက်ပစ္စည်း၊ သစ်သီးဝလံ၊ သိုးမွှေးနှင့် ဝိုင်တို့ကို အိန္ဒိယသို့ ပိုမိုတိုးမြှင့်တင်ပို့ရန် ကြိုးပမ်းလျက်ရှိပြီး ဥယျာဉ်ခြံထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် သိုးမွှေးကဏ္ဍတို့တွင် သိသာထင်ရှားသော အကျိုးအမြတ်များ ရရှိရန် မျှော်လင့်လျက်ရှိပါသည်။ နးဇီလန်ဈေးကွက်သို့ အခွန်မဲ့ဝင်ရောက်ခွင့်ရရှိခြင်းမှ အိန္ဒိယ၏ အကျိုးအမြတ်အများဆုံးရမည့် ကဏ္ဍများမှာ အထည်အလိပ်နှင့် အဝတ်အထည်၊ အင်ဂျင်နီယာပစ္စည်းများ၊ သားရေနှင့် ဖိနပ်နှင့် ရေထွက်ပစ္စည်းများ ပါဝင်မည်ဟု ခန့်မှန်းရသည်။
နူးဇီလန်နိုင်ငံသည် အိန္ဒိယတွင် ၁၅ နှစ်ကျော်သက်တမ်းကြာမည့် ဒေါ်လာ ၂၀ ဘီလျံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ရန် ကတိပြုထားကြောင်း အိန္ဒိယ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း ကျွမ်းကျင်အိန္ဒိယပညာရှင်များသည် နူးဇီလန် အလုပ်အကိုင်ဈေးကွက်သို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
ထရမ့်ပ်၏ သမားရိုးကျမဟုတ်သည့် စီးပွားရေးမူဝါဒများကြောင့် နိုင်ငံအများအပြားသည် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်များကို လုပ်ဆောင်လာကြသည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏စီးပွားရေးကို ကာကွယ်ရန် မဟာဗျူဟာတစ်ရပ်အဖြစ် ပို့ကုန်ဦးတည်ရာနိုင်ငံများကို တိုးချဲ့ရန် အားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပေသည်။ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ကုန်သွယ်ရေးဆွေးနွေးမှုများအပြင် ပထဝီနိုင်ငံရေးတင်းမာမှုများ ကို ဆွေးနွေးရန် ယခုလအစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဒေလီ၌ လက်ခံတွေ့ဆုံခဲ့စဉ်ကပင် အဆိုပါ ကြိုးပမ်းမှုများကို အလေးပေးဖော်ပြခဲ့သည်။
သို့သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် အရှေ့နိုင်ငံများနှင့် အနောက်နိုင်ငံများအကြား ကာလရှည်ကြာ ထိန်းညှိထားသော ဟန်ချက်ကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယ စီးပွားရေးဝန်ကြီး ပီယုရှ်ဂိုယဲလ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် နူးဇီလန်နှင့်သာမက အမေရိကန်၊ ကနေဒါနိုင်ငံတို့နှင့်လည်း သဘောတူညီချက်များရရှိရန် လုပ်ဆောင်လျက်ရှိပါသည်။
