အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့(ICG) က သမိုင်းတလျှောက်ဖမ်းဆီးနိုင်ခဲ့သမျှတွင် ပမာဏအများဆုံးအဖြစ် ဘာရန်ကျွန်းအနီး မြန်မာသင်္ဘောသား ခြောက်ဦးပါဝင်သော ငါးဖမ်းသင်္ဘောတစ်စီးမှ မက်သာဖက်တမင်း ၅,၅၀၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ဟု အဒ္ဒမန်နှင့် နီကိုးဘား tri-services ကွပ်ကဲရေးဌာနချုပ်မှ အရာရှိတစ်ဦးက နိုဝင်ဘာ ၂၆ တွင် ပြောဆိုခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်းကြီးများနှင့် ဆက်နွယ်မှုရှိသည်ဟု သံသယရှိလောက်သော အကြီးမားဆုံးဖမ်းဆီးရမိမှုဖြစ်ကြောင်း၊ တင်ဆောင်လာသည့်မူးယစ်ဆေးဝါး စုစုပေါင်း ခန်းမှန်းခြေ ၅,၅၀၀ ကီလိုဂရမ်ခန့်ရှိကြောင်းနှင့် တားမြစ် မက်သာဖက်တမင်းဆေးဝါးများနှင့်အတူ မြန်မာသင်္ဘောသားခြောက်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန်အတွက် သူတို့အားလုံးကို ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟုလည်း ဆိုခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဟု ရဲတပ်ဖွဲ့က ယူဆကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံဘက်မှလာသည့် ငါးဖမ်းသင်္ဘောပေါ်မှ သိမ်းဆည်းရမိခဲ့သည့် ဂြိုဟ်တုဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ဖော်ထုတ်ရရှိရေး ရဲတပ်ဖွဲ့က ကြိုးပမ်းနေသည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်ဆေးမေးမြန်းမှုအတွင်း သင်္ဘောသားများက တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မပြုကြသဖြင့် သိမ်းဆည်းရမိခဲ့သည့် ဂြိုဟ်တုဖုန်းမှတဆင့် မူးယစ်ဆေးဝါး လက်ခံမည့်သူများ၏ အသေးစိတ်အချက်အလက်များကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြောင်း၊ သင်္ဘောသားများသည် ပစ္စည်းလက်ခံမည့်သူများနှင့် ပို့ဆောင်လိုက်သည့် ပစ္စည်းများ၏ နောက်ကွယ်မှ ရှိနေသူတို့အကြောင်းကို ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့နေပုံရကြောင်း ၎င်းက ဆိုသည်။ မိမိတို့အနေဖြင့် ဖုန်းခေါ်ဆိုမှုအသေးစိတ်မှတ်တမ်းကို ရရှိရန် ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။
မက်သာဖက်တမင်းမူးယစ်ဆေးဝါး အများအပြားကို ထိုင်းနိုင်ငံတွင် ပို့ဆောင်မှုလုပ်မည်ဟု ယူဆပြီး မူးယစ်ဆေးဝါးဂိုဏ်းများ၏ အစိတ်အပိုင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောဆိုသည်။
ပစ္စည်းပမာဏနှင့် လုပ်နည်းလုပ်ဟန်အရ Jalisco New Generation ဂိုဏ်း(အယ်လ်မန်ချိုမှ စီမံ) နှင့် တရုတ် အယ်လ်ချာပိုဂိုဏ်းခေါင်းဆောင်များကဲ့သို့ နာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ဆေးဝါးဂိုဏ်းများ၏ ခြေရာလက်ရာဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ်က ကပ္ပလီပင်လယ်တွင် အလားတူ မူးယစ်ဆေးဝါးများစွာ သိမ်းဆည်းရမိခဲ့ပြီး နောက်ပိုင်းတွင် အယ်လ်မန်ချို၏ဂိုဏ်းသည် အဓိကသံသယရှိအဖွဲ့အစည်းအဖြစ် ပေါ်ထွက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောဆိုခဲ့သည်။
Ref: The Hindu