အငြင်းပွားနေသော ကက်ရှ်မီးယားဒေသတွင် ခရီးသွားများ ေ-သဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်အပြီး၌ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ပါကစ္စတန်နိုင်ငံမှတဆင့် တင်သွင်းသော ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်သည်ဟု အိန္ဒိယက ပြောကြားခဲ့သည်။
အဆိုပါ ပိတ်ပင်မှုသည် ချက်ချင်းအကျိုးသက်ရောက်မည်ဖြစ်သည်ဟု နူးဒေလီရှိ နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာန၏ စနေနေ့က ကြေညာချက်တွင် ဖေါ်ပြထားသည်။
“ဒီကန့်သတ်ချက်က နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူ့ ရေးရာ မူဝါဒဆိုင်ရာ အကျိုးစီးပွားအရ ချမှတ်တာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယသည် ပါကစ္စတန်အလံတင် သင်္ဘောများကို ၎င်း၏ ဆိပ်ကမ်းများအတွင်း ဝင်ရောက်ခြင်းမပြုရန် တရားဝင် ပိတ်ပင်လိုက်ကြောင်းလည်း သိရသည်။ စနေနေ့က ထုတ်ပြန်ခဲ့သည့် တရားဝင် ညွှန်ကြားချက်အရ ပါကစ္စတန်အလံတင် သင်္ဘောများကို အိန္ဒိယဆိပ်ကမ်းများတွင် ဆိုက်ကပ်ခြင်းမပြုရန် တားမြစ်လိုက်ခြင်းဖြစ်သည်။
အိန္ဒိယအလံတင် သင်္ဘောများကိုလည်း ပါကစ္စတန်နိုင်ငံဆိပ်ကမ်းများတွင် ဆိုက်ကပ်ခြင်းမပြုရန် တားမြစ်ထားသည်ဟု သိရသည်။
တိုက်ခိုက်မှုတွင် ပါကစ္စတန်က ပါဝင်ပတ်သက်သည်ဟု အိန္ဒိယက စွပ်စွဲထားပြီး ယင်းစွပ်စွဲချက်ကို အစ္စလာမ်မာဘတ်က ငြင်းဆိုထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အိန္ဒိယသည် စစ်ရေးအရအရေးယူရန် ရည်ရွယ်နေသည်ဟု ယုံကြည်လောက်သော ထောက်လှမ်းရေးသတင်းရရှိထားကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။
ပါကစ္စတန်သည်လည်း နယ်စပ်ကုန်သွယ်ရေးအားလုံးကို ရပ်ဆိုင်းခြင်း၊ အိန္ဒိယလေယာဉ်များ ကို ၎င်း၏ လေကြောင်းပိုင်နက်အသုံးပြုခွင့် ကီုပိတ်ပင်ခြင်းနှင့် အိန္ဒိယသံတမန်များကို နှင်ထုတ်ခြင်းအပါအဝင် လက်တုန့်ပြန်သည့် အစီအမံများကို ကြေညာခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံအကြား ဆယ်စုနှစ်ချီကြာပြီဖြစ်သော စာချုပ်အရ မြစ်ရေခွဲဝေသုံးစွဲမှုကို ဟန့်တားသော မည်သည့်လုပ်ဆောင်ချက်မဆိုကို စစ်ဆင်နွှဲခြင်းဟု မှတ်ယူမည်ဟုလည်း ပါကစ္စတန်က သတိပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် မြေပြင်မှ မြေပြင်ပစ် ဒုံးလက်နက်စနစ်ကို လေ့ကျင့်ပစ်ခတ်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
“ပါကစ္စတန်သည် ယနေ့တွင် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တစ်စင်းကို အကွာအဝေး ၄၅၀ ကီလိုမီတာသို့ အောင်မြင်စွာ လေ့ကျင့်ပစ်လွတ်မှု လုပ်ခဲ့သည်” ဟု စနေနေ့က စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အိမ်နီးချင်းနိုင်ငံက တိုက်ခိုက်လာတော့မည်ဟု ယခုသီတင်းပတ်တွင် ပါကစ္စတန်က သတိပေးထားစဉ်မှာပင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက သူ၏ စစ်တပ်ကို စစ်ဆင်ရေးဆိုင်ရာ လွတ်လပ်ခွင့်ညကို အပြည့်အဝ ပေးထားသည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်၊ သည်အီကော်နောမစ်တိုင်းမ်စ်